Trending Now

ရန်ကုန် – မန္တလေး လမ်းဟောင်း၌ ဆီဘောက်ဆာယာဉ် တိမ်းမှောက်သဖြင့် ယာဉ်မောင်းမီးလောင်သေဆုံး

Spread the love

ရန်ကုန် – မန္တလေး လမ်းဟောင်း၌ ဆီဘောက်ဆာယာဉ် တိမ်းမှောက်သဖြင့် ယာဉ်မောင်းမီးလောင်သေဆုံး

EPN
မန္တလေး၊ ဩဂုတ် ၂၈

ရန်ကုန် – မန္တလေး လမ်းဟောင်းတွင် ဆီဘောက်ဆာယာဉ်တစ်စီး ယမန်နေ့က တိမ်းမှောက်ပြီး ယာဉ်မောင်းဖြစ်သူ မီးလောင်သေဆုံးကာ ယာဉ်နောက်လိုက်မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

ဩဂုတ် ၂၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၃) ရပ်ကွက် ရန်ကုန် – မန္တလေးလမ်းဟောင်းမိုင်တိုင် အမှတ်(၇၆/၄)နှင့် (၇၆/၅)ကြားတွင် ဆီဘောက်ဆာယာဉ်တစ်စီးမှ မျက်နှာချင်းဆိုင် မောင်းနှင်လာသော ဆိုင် ကယ်အား ရှောင်ရားမှ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသားမှာလည်း ပြင်းထန်ဒဏ်ရာများရရှိကာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။

” သေဆုံးသူနဲ့ ဒဏ်ရာရရှိသူကိုတော့ ပြွန်တန်ဆာ တိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးထားတယ်။ ယာဉ်နောက်လိုက် က မီးလောင်ဒဏ်ရာတွေ အပြင်းအထန်ရရှိတာ ” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဆီဘောက်ဆာယာဉ် တိမ်းမှောက်မီးလောင်မှု ဖြစ်ပွားသည့်နေရာသို့ ညောင်လေးပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီး၊ ပြွန်တန်ဆာမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ရေသယ်ယာဉ် ၁ စီး၊ ပိန်းဇလုပ် မီးသတ်ဦးစီးဌာနမှမီး ငြှိမ်းသတ်ယာဉ် ၂ စီး၊ ဒိုက်ဦးမြိုနယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးတို့ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းသွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆီဘောက်ဆာယာဉ် တိမ်းမှောက်ပြီး မီးလောင်မှုကြောင့် အနီးရှိလူနေအိမ် ခြံစည်းရိုးများအား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။