Trending Now

ဖားကန့် ၊ အောင်ဘာလေကျေးရွာ ရွာလယ်လမ်းမကြီးပေါ်တွင် ကျောက်စိမ်းကြောသစ်တွေ့ရှိမှုကြောင့် ကုမ္ပဏီများမှ လမ်းပိတ်ကာ တူးဖော်မှု ပြုလုပ်နေ

Spread the love

ဖားကန့် ၊ အောင်ဘာလေကျေးရွာ ရွာလယ်လမ်းမကြီးပေါ်တွင် ကျောက်စိမ်းကြောသစ်တွေ့ရှိမှုကြောင့် ကုမ္ပဏီများမှ လမ်းပိတ်ကာ တူးဖော်မှု ပြုလုပ်နေ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာလ ၁၅

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် အောင်ဘာလေ ကျေးရွာအတွင်းရှိ ရွာလယ်လမ်းမကြီး တစ်လျောက် တွင် ယခုလမှ စတင်ကာ ကျောက်စိမ်းကြောတွေ့ရှိသည်ဟုဆိုကာ ကုမ္ပဏီများမှ ဘက်ဟိုး ယာဉ်များဖြင့် လမ်းမကြီးပေါ်တွင် ကျောက်စိမ်းတူးဖော်မှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကျေးရွာများမှာ နယ်မြေမလုံခြုံမှုကြောင့် သက်ဆိုင်ရာမှ သွားရောက်နိုင်ခြင်းမရှိသည့် ဒေသဖြစ်သလို KIA လက်နက်ကိုင်အဖွဲ့များ နယ်မြေစိုးမိုးထားသည့် နေရာဒေသဖြစ်ပြီး (စက်တင်ဘာလ ) ၂ရက်နေ့မှ စတင်ကာ ရွာလည်လမ်းမကြီးအား ပိတ်၍ ကုမ္ပဏီ သုံးခုမှ တူးဖော်နေကြခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလထဲမှာပဲစပြီးတော့ လုပ်ခဲ့တာ ၊ ကျောက်ကြောတွေ့တယ်ပြောတယ်၊ ကုမ္ပဏီ(၃)ခုပေါင်းပြီးလုပ်တာ၊ ရွာလယ်လမ်းမကြီး တစ်လျှောက် စက်ယန္တရားတွေနဲ့ တူးနေကြတယ်၊ တောက်ဘက်ပိုင်းကနေစတူးကြတာ ၊ အခုက နှစ်ဖက်ပိတ်တူးနေကြတယ်၊ ဘတ်ဟိုး စက်ကြီးတွေလဲတူးနေကြတာဟုတ်တယ်” အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောဆိုသည်။

ယင်းကဲသို့ ရွာလယ်လမ်းမကြီးပေါ်တွင် ကျောက်တူးဖော်မှုများကြောင့် ဒေသခံများအနေဖြင့် ရွာ၏ အနောက်ဘက်မှ လမ်းသစ်ဖောက်ကာ သွားလာနေရပြီး ကုမ္ပဏီများမှ ရွာအတွင်း လျှပ်စစ်မီး ရရှိအောင် လုပ်ဆောင်ပေးမည်ဟုဆိုကာ မက်လုံးပေးစည်းရုံး၍ ကျောက်တူးဖော်နေကြခြင်းဖြစ်ကြောင်း ကျေးရွာနေ ဒေသခံတစ်ဦးကပြောသည်။

“လမ်းက ပိတ်ပြီးတူးနေကြတာ၊ ဘတ်ဟိုးကြီးတွေနဲ့ တူးနေကြတယ်၊ သွားလာဖို့အတွက် ရွာအနောက်ဘက်မှာ လမ်းသစ်ဖောက်ပြီးသွားလာနေရတယ်၊ ကျေးရွာကိုလဲ မီးတိုင်တွေ ထောင်ပေးမယ် ၊မီးရအောင် လုပ်ပေးမယ်ပြောပြီး စည်းရုံးထားတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ကံစီးကျေးရွာအုပ်စု အောင်ဘာလေကျေးရွာတွင် အိမ်ထောင်စုပေါင်း (၂၀၀)ခန့်ရှိနေပြီး ယခုနှစ် အစောပိုင်းက ကျပ်သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ကျောက်စိမ်းများ ထွက်ရှိခဲ့သေးကြောင်း ဖားကန့်မြို့ကျောက်အရောင်းအဝယ်ပြုလုပ်ကြသူများထံမှ သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖားကန့်ဒေသအတွင်း ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများ ကို ဆက်လက်တူးဖော်ခွင့်မပြုကြောင်း ပြီးခဲ့သည့် ဧပရယ် ၁ ရက်နေ့တွင် ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် တရားမဝင်တူးဖော်မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။