Trending Now

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌဦးမြသိန်း ပြန်လည်လွတ်မြောက်လာ

Spread the love

ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌဦးမြသိန်း ပြန်လည်လွတ်မြောက်လာ

 

EPN

မြစ်ကြီးနား၊ မေလ ၃

ကချင်ပြည်နယ် မြစ်ကြီးနားအကျဉ်ထောင်မှာ ပြစ်ဒဏ်(၁)နှစ်နှင့် (၃)လ ကျခံခဲ့ရသည့် ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌဦးမြသိန်းကို မေလ (၂)က နံနက် (၉)နာရီခန့်က အကျဉ်းထောင်လျော့ရက်စည်းမျဉ်းများအရ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြည်နယ် (NLD)ဥက္ကဌကိုမြစ်ကြီးနားမြို့နယ် တရားရုံးတွင် (၂၀၂၁)ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ -၂၅ ဖြင့် ပြစ်ဒဏ် (၁)နှစ် နှင့် (၂၀၂၁)ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်နေ့က ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ – ၈ ဖြင့် ပြစ်ဒဏ်(၃)လ ချမှတ်ခံခဲ့ရကြောင်း သိရသည်။

“ မေလ(၂)ရက်နေ့ကပဲ အကျဉ်းထောင်ရဲ့ လျော့ရက်စည်းကမ်းချက်တွေအရ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌဦးမြသိန်း ပြန်လွတ်လာပြီလို့သိရတယ်၊ သူက စုစုပေါင်း ထောင်ဒဏ် (၁)နှစ်နဲ့ (၃)လ ချမှတ်ခံခဲ့ရတာဖြစ်တယ်၊ လွတ်လွတ်ချင်းတော့ သူကို တပ်ကုန်းရပ်ကွက်မှာရှိတဲ့ တည်းခိုရိပ်သာတစ်ခုမှာထားတယ်၊ ပြီးမှ (၃)ရက်နေ့လောက်မှ ရွှေကူမြို့ကို ပြန်သွားတယ်၊ “ ဟု ဦးမြသိန်း နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထို့အပြင် ဧပြီလ ၂၂ ရက်နေ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ဝန်ကြီး ခြောက်ဦးကိုလည်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ (၂၅) ၊အဂတိလိုက်စားမှု ဥပဒေ ပုဒ်မ (၅၅) နှင့် မတရားအသင်း ဆက်သွယ်မှုဆိုင်ရာ အက်ဥပဒေပုဒ်မ ၁၇(၁) တို့ဖြင့် အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။