Trending Now

မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းအား KIA၊ PDF ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည့်အတွက် မြို့ပေါ်တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာမည်ကို စိုးရိမ်နေ

Spread the love

မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းအား KIA၊ PDF ပူးပေါင်းအဖွဲ့က ဖြတ်သန်းသွားလာခွင့် ပိတ်ထားသည့်အတွက် မြို့ပေါ်တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်း မြင့်တက်လာမည်ကို စိုးရိမ်နေ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၆ (၂၀၂၄)

KIA၊ PDF ပူးပေါင်းအဖွဲ့မှ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစ၍ မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခြင်းကြောင့် ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။

စစ်ကိုင်တိုင်း ကောလင်းမြို့နယ်အတွင်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ နေရာအနှံ့ဖြစ်ပွားနေခြင်းကြောင့် ကချင်ပြည်နယ်အစပ် နန့်စီးအောင် စုပေါင်းဂိတ်အထိ မည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာခွင့် မရရှိခဲ့ကြောင်း ကားဆရာတစ်ဦးက ဆိုသည်။

” ပြီးခဲ့တဲ့ ရက်လောက်ထဲက အကုန်နားနေရတယ်။ ရန်ကုန်၊ မန္တလေး ဘက်ကလည်း လာမရဘူး။ ဒီဘက်ကလည်း ထွက်မရဘူး။ အကုန်ပိတ်ထားတယ်။ ဘယ်လောက်ပိတ်မယ်ဆို တာကို ဘယ်သူမှ အတိအကျမပြောဘူး။ မသွားနဲ့ဆို မသွားယုံပဲ ရှိတယ် ” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစ၍ မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းအား စစ်ကိုင်းတိုင်း PDF အဖွဲ့က ဖြတ်သန်းသွားလာခွင့် ပိတ်ထားခြင်းကြောင့် ကချင်ပြည်နယ်အတွင်းသို့ စက်သုံးဆီဘောက်ဆာကားများ၊ အခြေခံစားသောက်ကုန်စည်ကားများ အဝင်၊အထွက်မရ၍ အခြေခံကုန်စည်များနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမည်ကို ပြည်နယ်အတွင်းက ဒေသခံများ စိုးရိမ်မှု မြင့်တက်နေကြောင်း မြစ်ကြီးနားမြို့ ပြည်သူတစ်ဦးက ပြောသည်။

” ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားကို ဘယ်ကားမှ မဝင်တော့ ကျန်တဲ့ မြို့နယ်တွေလည်း အကုန်အခက် တွေ့မှာဟုတ်တယ်။ အခုဆို ငါး၊ ကြက်၊ ငပိ၊ ငါးခြောက်၊ အခြေခံ ကုန်စည်ကားတွေ စက်သုံးဆီကားတွေရော မဝင်တာ သုံးရက်ကျော်နေပြီ။ ဈေးတွေ တက်တော့မယ်လို့ အသံတွေကြားနေရတယ် ” ဟု ၎င်းကရှင်းပြသည်။

လက်ရှိအချိန်တွင် မြစ်ကြီးနား – မန္တလေး – ရန်ကုန် ကားလမ်းကို ဖြတ်သန်းသွားလာခွင့် မပြုသည့်အတွက် မြစ်ဖျားဧရာအဝေးပြေးယာဉ်များ ရပ်နားစခန်းရှိ ယာဥ်များမှာ ပြည်နယ်အတွင်းဖြစ်သည့် ဖားကန့်၊ တနိုင်း၊ ချီဖွေ၊ ပန်ဝါ၊ ပူတာအို စသည့် ခရိုင်မြို့နယ်တို့ကိုသာ ပြေးဆွဲလျက်ရှိပြီး၊ မြစ်ကြီးနား – ဗန်းမော်ကားလမ်းခရီး ပြေးဆွဲခြင်းကိုလည်း ရပ်နားထားကြောင်း ပုဂ္ဂလိကယာဉ်များ ကြီးကြပ်ရေးအသင်းမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်း တပ်မတော်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေမည် ဆိုပါက မြစ်ကြီးနား – မန္တလေး ကားလမ်းပိုင်းအား ပြန်လည်သွားလာခွင့် ပိုမိုကြာမြင့်သွားမည်ဖြစ်ပြီး၊ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ယခင်ထက် ပိုမိုကြပ်တည်း ခက်ခဲလာမည်ကို ဒေသခံများ စိုးရိမ်မှုရှိနေကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။