Trending Now

မြစ်ကြီးနားမြို့တွင် တန်ဆောင်တိုင်ကာလ လူသူသွားလာမှုများသည့်နေရာများတွင် လုံခြုံရေးအင်အားတိုးမြှင့်ချထားမည်

Spread the love

မြစ်ကြီးနားမြို့တွင် တန်ဆောင်တိုင်ကာလ လူသူသွားလာမှုများသည့်နေရာများတွင် လုံခြုံရေးအင်အားတိုးမြှင့်ချထားမည်
EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၄
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း တန်ဆောင်တိုင်ကာလ မှုခင်းကျဆင်းရေးအတွက် လူသူအသွားအလာများသည့်နေရာများ ၊ မှုခင်းဖြစ်ပွားလေ့ရှိသည့်နေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် ရဲစခန်းမှ သိရသည်။
လက်ရှိတွင် မြို့နယ်အတွင်း နယ်မြေလုံခြုံရေးအတွက် ညအချိန် လှည့်ကင်းဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိပြီး တန်ဆောင်တိုင်ကာလအတွင်း ပြည်သူများ သွားလာမှု လုံခြုံစေရန်နှင့် ခိုးဆိုးလုနှိုက် မှုခင်းများ မဖြစ်ပွားစေရန် လုံခြုံရေးအင်အားကို တိုးချဲ့ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
” ဒီ တန်ဆောင်တိုင်ကာလ ပွဲလမ်းသဘင်တွေမှာ အများပြည်သူ သွားလာချိန်တွေမှာ လုံခြုံမှုရှိစေဖို့၊ ခိုးဆိုးလုနှိုက် မှုခင်းတွေ နည်းပါးစေဖို့ အတွက် ၊ လူသွားလူလာများတဲ့နေရာတွေမှာ လုံခြုံရေးတိုးမြှင့်တာတွေ၊ မှုခင်းဖြစ်ပွားလေ့ရှိသည့်နေရာတွေမှာ လှည့်ကင်းပတ်တာတွေကို ပိုမိုဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
လက်ရှိမြစ်ကြီးနားမြို့ပေါ်တွင် လူသွားလူလာ နည်းပါးသည့် လမ်းများတွင် ဓားထောက်လုယက်မှုများမကြားခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် သက်ဆိုင်ရာအနေဖြင့် လုံခြုံရေးစောင့်ကြည့်မှုများကို ပိုမိုအလေးပေးဆောင်ရွက်ပေစေလိုကြောင်းမြို့သစ်ကြီး ရပ်ကွက်နေ မြို့မိမြို့ဖတစ်ဦးကပြောသည်။
” အခုက စီးပွားရေးတွေ အဆင်မပြေကြဘူး၊ အလုပ်လက်မဲ့တွေလဲ များလာတယ်၊ မှုးယစ်ဆေးသမားတွေကော များလာတယ် သူတို့က လွယ်လွယ်ရတဲ့ အခုလို့ ခိုးဆိုးလုနှိုက်တွေပဲ လုပ်လာကြတယ်၊ လိုင်းပေါ်မှာလဲ တွေ့ရတယ်၊ ဓားထောက်လုယက်တာတွေကော၊ အလစ်သုတ်တာတွေကော တွေ့ရတယ်၊ ဒီတော့ လုံခြုံရေးတွေကို ပိုမိုဆောင်ရွက်စေချင်တယ်” ဟု ၎င်းကပြောသည်။
ယင်းကဲ့သို့ ခိုးဆိုးလုနှိုက်ဖြစ်စဥ်များ ဖြစ်ပွားလာပါ ပြည်သူများအနေဖြင့် သက်ဆိုင်ရာသို့ အလျှင်အမြန်အကြောင်းကြားကာ ပါဝင်ပူးပေါင်းစေလိုကြောင်း မြစ်ကြီးနားမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကဆက်လက်ပြောကြားခဲ့သည်။
မြစ်ကြီးနားမြို့ပေါ်တွင် ခိုးဆိုးလုနှိုက်ဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလေ့ရှိကာ အောက်တိုဘာလ ၁၃ ရက်နေ့က ဆိုင်ကယ်လိုက်လံ ခိုးယူနေသည့်အမျိုးသား ၂ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။