Trending Now

မော်ဟန်ကျေးရွာတွင် လျှပ်စစ်မီး သုံးရက်ကျော်ကြာ ပြတ်တောက်နေသော်လည်း လုံခြုံရေးအရ ပြုပြင်ရန် အခက်အခဲရှိနေ

Spread the love

မော်ဟန်ကျေးရွာတွင် လျှပ်စစ်မီး သုံးရက်ကျော်ကြာ ပြတ်တောက်နေသော်လည်း လုံခြုံရေးအရ ပြုပြင်ရန် အခက်အခဲရှိနေ

EPN

မိုးညှင်း၊ မတ် ၂၃

မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာသို့ လျှပ်မီးသွယ်တန်းထားသည့် ဓါတ်အားလိုင်းများ ပြတ်တောက် နေသည်မှာ ၃ ရက်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း လမ်းလုံခြုံရေးအရ လျှပ်စစ်ဝန်ထမ်းများ သွားရောက်ပြုပြင်ရန် အခက်အခဲရှိနေကြောင်း မိုးညှင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံးမှ သိရသည်။

မော်ဟန်ကျေးရွာမှာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ်နေရာတွင် တည်ရှိပြီး ကေအိုင်ကေ PDF ပူးပေါင်းအဖွဲ့နှင့် တပ်မတော်တို့ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့်နေရာ ဖြစ်သည့် အတွက် လျှပ်စစ်ဝန်ထမ်းများအနေဖြင့် သွားရောက်ပြုပြင်ရန် အခက်အခဲရှိနေခြင်း ဖြစ်သည်။

ယင်းသို့ ပြုပြင်ရန်အခက်အခဲများကြောင့် မော်ဟန်ကျေးရွာအနေဖြင့် လျှပ်စစ်မီးပြန်လည်ရရှိရန် မသေချာသေးကြောင်း မိုးညှင်း လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“မိုညှင်းကနေ မော်ဟန်ကျေးရွာကို သွယ်တန်းထားတဲ့ လျှပ်စစ်ကြိုးတွေမှာ လိုင်းရှင်းလင်းရေး လုပ်ရမယ် သစ်ပင် သစ်ကိုင်ကျိုးကျတဲ့အတွက် လိုင်းဖော့ကလည်း ဖြစ်နေတယ် လုံခြုံအရတော့ အခုချိန်မှာ အန္တရာယ်လည်းများတဲ့အတွက် သွားလာဖို့မလွယ်သေးတဲ့အတွက် မီးရဖို့ကတော့ မသေချာသေးဘူး”ဟု ၎င်းက ပြောသည်။

ယင်းသို့ မီးဖြတ်တောက်ထားသည့်အတွက် မီတာကြေးပေးဆောင်ခဲ့သည့် ပြည်သူများအနေဖြင့် လျှပ်စစ်မီး မရရှိသည့်အပေါ် နစ်နာမှုများ ရှိနေကြောင်း မော်ဟန်ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ မော်ဟန်ကျေးရွာမှာ မတ်လ ၂၀ရက်နေ့က စပြီးမီးပျက်နေတာ ဒီနေ့အထိပဲ အဲ့အတွက် မီတာကြေးပေးဆောင်တဲ့သူတွေအဖို့ နစ်နာတယ် အဲ့တာကြောင့် မီးကိုတော့ ပြန်လွှတ် ပေးစေချင်တယ် လျှပ်စစ်မီးမရှိတော့ အများကြီး အခက်အခဲရှိလာတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

မော်ဟန်ကျေးရွာမှာ အိမ်ခြေ ၁၂၀၀ ကျော်နှင့် လူဦးရေ ၆၅၀၀ကျော်ရှိပြီး ၁၉၉၃ခုနှစ်မှ စတင်ကာ ဟိုပင် ဂလိုင်ချောင်ချောင်းရေအားလျှပ်စစ်မှ ဖြန့်ဝေးပေးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် လျှပ်စစ်ဓါတ် အား မလုံလောက်မှုကြောင့် မိုးညှင်းမြို့နယ်ရှိ မဟာဓါတ်အားလိုင်းမှ တစ်ဆင့် မော်ဟန်ကျေးရွာသို့ လျှပ်စစ်ဓါတ်အားဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။