Trending Now

ဆိုင်းတောင်ကျေးရွာအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံများ နေအိမ်အတွင်းသာ ကြောက်လန့်စွာ နေထိုင်နေရ

Spread the love

ဆိုင်းတောင်ကျေးရွာအတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံများ နေအိမ်အတွင်းသာ ကြောက်လန့်စွာ နေထိုင်နေရ

EPN
မြစ်ကြီးနား၊ မတ် ၁၁ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်းကျေးရွာအုပ်စုတွင် ယနေ့ မတ်လ (၁၁)ရက်နေ့၊ နံနက်ပိုင်းက စတင်ကာတိုက်ပွဲများ ဖြစ်ပွားခဲ့နေမှုကြောင့် ဒေသခံများမှာ ကျေးရွာအတွင်းအသွားအလာများ မပြုလုပ်ရဲဘဲ နေအိမ်အတွင်းသာ ကြောက်လန့်စွာ နေထိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့၊ နံနက် (၂)နာရီခန့်က စတင်ကာ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်အနီးတွင် တပ်မတော်နှင့် KIA/ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ (၉)နာရီခန့်တွင် ဆိုင်းတောင် ရပ်ကွက် (၃)အတွင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဆိုင်းတောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

” မနက် (၂)နာရီလောက်ကစပြီး နမ့်မှော်ဘက်ကနေ တိုက်ပွဲတွေ ဖြစ်နေကြတယ်။ အဲ့ဒီကနေ ဒီဘက်တိုးတိုးလာပြီး (၉)နာရီလောက်ကြတော့ ဆိုင်းတောင်ရပ်ကွက် (၃) စာသင်ကျောင်းနားက တပ်မတော်စခန်းကို လာပစ်ကြတယ်။ RPG နဲ့ ပစ်တာ။ ကျေးရွာအတွင်းမှာတော့ လက်နက်ကြီးအသံ မကြားလိုက်ရဘူး။ (၁၀)နာရီလောက်တာ့ အသံတွေရပ်သွားတယ် ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဆိုင်းတောင်ကျေးရွာသို့ သွားလာဝင်ထွက်မှုများကိုလည်း တားမြစ်ထားကြောင်း၊ ကျေးရွာအတွင်းတွင်လည်း လမ်းသွားလမ်းလာများ မပြုလုပ်ဘဲ နေအိမ်အတွင်းသာ နေထိုင်နေရကြောင်း ဆိုင်းတောင်ကျေးရွာနေ ဒေသခံတစ်ဦးက ပြောသည်။

” မနက်ကစပြီး တိုက်ပွဲတွေဖြစ်တော့ ဆိုင်းတောင်ထဲက အဝင်မခံကြတော့ဘူး။ ကျေးရွာထဲက ဆိုင်တွေကော အိမ်တွေကော ပိတ်ပြီး နေအိမ်မှာဘဲ ကြောက်ကြောက်လန့်လန့် နေရတယ်။ ပစ်ခတ်တာတွေက ကျေးရွာထဲတွေမှာလုပ်ကြတော့ တကယ် ပစ်ခတ်ကြပြီဆိုရင် အိမ်တွေပဲ ထိမှာ။ ရွာထဲလဲ ဘယ်သူမှ အပြင်မထွက် ရဲကြတော့ဘူး ” ဟု ၎င်းကပြောသည်။

အလားတူ မတ်လ (၃)ရက်နေ့ကလည်း တာမခန်ကျေးရွာအနီး တပ်မတော်စခန်းများကို KIA/ PDF ပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး၊ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။