Trending Now

အိမ်မဲမြို့နယ်တွင် ကျောင်းသားကျောင်းသူများအပါအဝင် တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၃၀ဦးထပ်မံတွေ့ရှိ

Spread the love

အိမ်မဲမြို့နယ်တွင် ကျောင်းသားကျောင်းသူများအပါအဝင် တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၃၀ဦးထပ်မံတွေ့ရှိ
EPN
အိမ်မဲ၊ ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင်ကျောင်းသား၊ ကျောင်းသူ ၅ ဦးအပါဝင်တစ်ရက်တည်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၃၀ဦး ထပ်မံတွေ့ရှိပြီး ၁၅ရက် အတွင်း ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ၇၉ ဦးအထိ ရှိလာသည်ဟု အိမ်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အိမ်မဲမြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက်က တစ်ရက်တည်း ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ၃၀ ဦး ထပ်မံတွေ့ရှိပြီး ရောဂါပိုးတွေ့ရှိသူများထဲတွင် ကျောင်းသား၊ ကျောင်းသူ ၅ ဦးလည်းပါဝင်ပြီး ဖေဖော်ဝါရီ ၁ ရက်မှ ၁၅ ရက် ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာစုစုပေါင်း ၇၉ ဦး အထိရှိလာကြောင်း သိရသည်။
”ပြည်သူများ စည်းကမ်းလိုက်နာခြင်းဖြင့် ကူညီကြစေလိုပါတယ်။ မလိုအပ်ဘဲ အပြင်မထွက်ပါနဲ့ လက်ခဏခဏဆေးပါ။ mask တပ်ပါ၊ လူစုလူဝေး ရှောင်ကြစေလိုပါတယ်။ ခပ်ခွာခွာနေကြပြီး ကိုဗစ်သံသယရှိသည်နှင့် မိမိထံမှ မကူးစက်စေရန်နှင့်ကာယကံရှင်ကိုယ်တိုင်စောစောသိ စောစောစစ် စောစောကုသပြီး ပျောက်ကင်းစေနိုင်ရန် ကျန်းမာရေးဌာနလည်း လျင်လျင်မြန်မြန် ဆက်သွယ်စေချင်ပါတယ်။ စည်းကမ်းလိုက်နာခြင်းဖြင့် ကူညီပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။”ဟု အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာသစ် ၃၀ ဦးမှာ ကမန်းတံခွန်တိုင်ကျေးရွာမှ(၂)ဦး ကျွဲလမ်းကျောင်းစုကျေးရွာမှ (၂)ဦး၊ ခလောက်သိုက်အထက်တန်းကျောင်းခွဲမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦး၊ ကွင်းယားကျေးရွာမှ (၁)ဦး၊ သံတွင်းချောင်းကျေးရွာမှ(၁)ဦး၊ ကြို့ကုန်းကျေးရွာမှ(၁)ဦး၊ ရှမ်းကွင်း၊ဘုရားကြီးကုန်း မှ (၁)ဦး၊ပေါက်ကုန်းကျေးရွာမှ(၁)ဦးသာယာကုန်းကျေးရွာ မှ(၁)ဦး၊ ချောင်းဝရပ်ကွက်မှ(၈)ဦး၊ အထက်ပိုင်းရပ်ကွက်မှ (၁)ဦး၊ အိမ်မဲကြီးရပ်ကွက်မှ(၁)ဦး၊ စာချွန်ခံရပ်ကွက်မှ (၁)ဦး အိမ်မဲဆေးရုံမှ ဝန်ထမ်း(၄)ဦးတို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူများကို စုံစမ်း၍ အသွားအလာကန့်သတ်ခြင်း၊ ဓာတ်ခွဲနမူနာရယူ စစ်ဆေးခြင်းစသည့် လုပ်ငန်းများကိုဆောင်ရွက်ပြီး ရောဂါကူးစက်မှုကွင်းဆက်ဖြတ်နိုင်ရန်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာသစ် ၃၀ ဦးကို အိမ်မဲမြို့နယ်ပြည်သူ့ဆေးရုံကြီး၊ ရွာသစ်တိုက်နယ်ဆေးရုံ၊ သရက်ကုန်းတိုက်နယ်ဆေးရုံတို့တွင်ထားရှိ၍လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေကြောင်း သိရသည်။
သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။