Trending Now

ဖားကန့်မြို့တွင် သေနတ်သံ လက်နက်ကြီးသံများ နေ့စဉ်ရက်ဆက် ကြားနေရသည့် အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ

Spread the love

ဖားကန့်မြို့တွင် သေနတ်သံ လက်နက်ကြီးသံများ နေ့စဉ်ရက်ဆက် ကြားနေရသည့် အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေရ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၁၂

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ယခုရက်ပိုင်းအတွင်း နေ့စဉ် ရက်ဆက် သေနတ် သံများ လက်နက်ကြီး ပစ်ခတ်သံများကြားနေရသည့်အတွက် ဖားကန့်ဒေသခံများမှာ တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ် ထိတ်လန့်နေရကြောင်း ဒေသခံများ ထံမှ သိရသည်။

ဖားကန့်မြို့အနီးတစ်ဝိုက် ရဲစခန်းနှင့် စစ်တပ်ကုန်းများမှာ ယခုလ ပထမအပတ်ခန့်မှ စတင်ကာ သေနတ်သံများကို နေ့စဉ်လိုလို ကြားနေရကြောင်း၊ တိုက်ပွဲကဲ့သို့ အပြန်အလှန် ပစ်ခတ်မှု မဟုတ်ဘဲ ခြိမ်းခြောက်ပစ်ခတ်သည့် ပုံစံများသာဖြစ်သော်လည်း တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ် နေကြကြောင်း ဆိုင်းတောင်ကျေးရွာနေ ဒေသခံတစ်ဦးကပြောသည်။

” အခု နိုဝင်ဘာလ ဝင်လာထဲက ရဲစခန်းနားတွေ စစ်တပ် က ထိုင်တဲ့ ကုန်းတွေမှာ အဲ့ဒီအနီးတစ်ဝိုက် သေနတ်သံတွေကြားနေရတယ်၊ နေ့တိုင်းတော့မ ဟုတ်ပေမယ့် ၊ တစ်ရက်ခြား လောက်ကြားရတယ်၊ နေ့လည်ဘက်တွေလဲ ကြားရတယ်၊ သေနတ်သံကြားရတော့ ဒေသခံတွေက ကြောက်တာပေါ့၊ သေနတ်သံကြားပြီဆိုတာနဲ့ တိုက်ပွဲဖြစ်မလား ၊ တစ်ခုခုဖြစ်တာလားဆိုပြီး ကြောက်နေရတယ် ” ဟု ၎င်းကပြောသည်။

ယင်းကဲ့သို သေနတ်သံများကြောင့် တိုက်ပွဲများဖြစ်လာမည်ကို စိုးရိမ်နေရပြီး တိုက်ပွဲများဖြစ်လာပါက စားဝတ်နေရေးနှင့် ဆက်သွယ်ရေးများ ခက်ခဲလာကာ ကုန်ဈေးနှုန်းများ ၊ ဆီဈေးနှုန်းများ မြင့်တက်လာမည်ကိုစိုးရိမ်ရကြောင်း ငှက်ပျောတော ရပ်ကွက်နေ ဒေသခံတစ်ဦးကပြောသည်။

“သေနတ်သံတွေကြားတော့ ဘာပဲဖြစ်ဖြစ်ကြောက်ရတယ်၊ တကယ်လို တိုက်ပွဲတွေဖြစ်လာရင်လဲ စားဝတ်နေရေးတွေခက်မယ်၊ လမ်းတွေပိတ်မယ်၊ ကုန်ဈေးနှုန်းတွေ မြင့်လာမယ်၊ ဆီဈေးတွေလဲ မြင့်လာမယ်၊ အခုလို စီးပွားရေး ခက်ခဲနေတဲ့ကာလမှာ စားဝတ်နေရေးတွေ ဒီလောက်ခက်ခဲနေတာ တိုက်ပွဲတွေသာ ဖြစ်လာရင် အသက်ရှင်ဖို့ အတွက်ကို မနည်းရုံးကန်ရတော့မှာဖြစ်တယ်၊ ဒါကြောင့် တိုက်ပွဲတွေ မဖြစ်စေချင်ဘူး ” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ဖားကန့်မြို့နယ်အတွင်း သေနတ်သံများကို ညဘက်တွင်သာ ပိုမိုကြားနေရပြီး ညဘက် ကျောက်ဝိုင်းလုပ်ကိုင်သူများအနေဖြင့် ကျောက်ဝိုင်းလည်ပတ်မှုများမှာ ရပ်ဆိုင်းလုနီးပါး ဖြစ်နေကြောင်း ဆိုင်တောင်ကျောက်ဝိုင်းအနီး ကျောက်အရောင်းအဝယ်လုပ်ကိုင်နေသူတစ်ဦးကပြောသည်။

” ညဘက်တွေဆို ကြားလာရတယ်၊ သေနတ်သံကြားပြီဆို လမ်းမပေါ်လူတွေမထွက်ရဲတော့ဘူး၊ ဆိုင်တွေလဲ ပိတ်တဲ့သူကပိတ်နဲ့ ၊ ကျောက်ဝိုင်းတွေဆို လူမစည်တာ ရက်ပိုင်းရှိပြီ သေနတ်သံတွေ ကြားတဲ့ ရက်ထဲက ဆိုရမှာပဲ၊ ဖားကန့်မှာက ရေမဆေးသမားတွေက နေ့ကျောက်တူး၊ ည ကျောက်ဝိုင်းတွေပြန်ရောင်းဒီလိုနဲ့ စားဝတ်နေရေးတွေဖြေရှင်းနေရတာ၊ အခုလို ညဘက်မှာ သေနတ်သံတွေကြားရတော့ ၊ မထွက်ရဲကြဘူး။” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာလ ၂၃ ရက်နေ့ ည (၈)နာရီခန့်က KIA တပ်မဟာ (၉)နယ်မြေ အတွင်းရှိ အနန့်ပါ ကျေးရွာ အနီး KIO နှစ်ပတ်လည်နေ့ အကြိုပြုလုပ်သည့် အခမ်းအနားကို စစ်တပ်မှလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် စစ်တပ်နှင့် KIA /PDF ပူးပေါင်းအဖွဲ့တို့အကြား စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြသကဲ့သို့ အချို့ ရပ်ကွက်များတွင် နိုဝင်ဘာလ ၁ ရက်ခန့် က စတင်ကာ နေအိမ်အချို့တွင် ဗုံးခိုကျင်းများတူးကာ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ပန်ပန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။