Trending Now

ပတ်စ်ပို့လုပ်ရန် တိုးဝှေ့တန်းစီရာမှ လူအုပ်ပိပြီး အမျိုးသမီး (၂)ဦး သေဆုံးခဲ့မှု အောင်မြေသာစံမြို့နယ်တွင် ဖြစ်ပွား

Spread the love

ပတ်စ်ပို့လုပ်ရန် တိုးဝှေ့တန်းစီရာမှ လူအုပ်ပိပြီး အမျိုးသမီး (၂)ဦး သေဆုံးခဲ့မှု အောင်မြေသာစံမြို့နယ်တွင် ဖြစ်ပွား

EPN
မန္တလေး၊ ဖေဖော်ဝါရီ ၁၉ (၂၀၂၄)

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ ပတ်စ်ပို့ရုံးတွင် ပတ်စ်ပို့ပြုလုပ်ရန် တိုးဝှေ့တန်းစီရာမှ လူအုပ်ပိမိ၍ အမျိုးသမီး (၂)ဦး သေဆုံးခဲ့ကာ (၁)ဦးဒဏ်ရာရရှိခဲ့မှု ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ယနေ့နံနက် အစောပိုင်း ၂ နာရီခွဲကျော်ခန့်က အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်း၊ ၆၄ လမ်းနှင့် ၆၅ လမ်းကြားရှိ ပတ်စ်ပို့ရုံးတွင် ပတ်စ်ပို့ပြုလုပ်ရန် တိုးဝှေ့တန်းစီရာမှ လူအုပ်ပိမိ၍ အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း သတင်းအရ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကူညီရန် သွားရောက်ခဲ့ကြသည်။

” ပတ်စ်ပို့လုပ်ဖို့ နေရာတန်းစီတော့ တစ်ယောက်နဲ့တစ်ယောက် တိုးဝှေ့ကြရင်း လူအုပ်ကလဲကျပြီး သူတို့အပေါ် ပိမိသွားတဲ့အနေအထားပါ။ ပတ်စ်ပို့လုပ်ဖို့ဆိုရင် မနက်အစောကြီးထဲက တန်းစီရတာ။ ပွဲစားတွေက အရင်လာပြီး တန်းစီတယ်။ ပြီးတော့ အဲဒီနေရာကို ပြန်ရောင်းစားတယ်။ မန္တလေး ပတ်စ်ပို့ရုံးမှာတော့ အဲဒီအတိုင်း ဖြစ်နေတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အခင်းဖြစ်နေရာတွင် လူအုပ်ပိမိမှုကြောင့် ညောင်ကွဲရပ်နေသူများဖြစ်သည့် ဒေါ်ခင်မျိုးအေး (၅၂)နှစ်၊ မခိုင်ဝေ(၃၉)နှစ်နှင့်ဒေါ်ဌေးဌေးဝင်း (၅၃)နှစ်တို့မှာ အသက်ရှူကြပ်ကာ ထိခိုက်ဒဏ်ရာများရရှိပြီး သတိလစ်နေသဖြင့် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ ပို့ဆောင်ပေးခဲ့သော်လည်း ဒေါ်ခင်မျိုးအေး (၅၂)နှစ်နှင့် မခိုင်ဝေ (၃၉)နှစ်တို့မှာ သေဆုံးသွားခဲ့ပြီး၊ ဒေါ်ဌေးဌေးဝင်း (၅၃)နှစ်မှာ ဆေးကုသမှုဆက်လက်ခံယူလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။