Trending Now

အမရပူရမြို့နယ်၌ ဆီဘောက်ဆာကား မီးလောင်မှုအား Level 2 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရ

Spread the love

အမရပူရမြို့နယ်၌ ဆီဘောက်ဆာကား မီးလောင်မှုအား Level 2 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရ

EPN
အမရပူရ၊ မတ် ၁၁ (၂၀၂၄)

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၌ ယမန်နေ့၊ မတ် ၁၀ ရက်ညနေပိုင်းက ဆီဘောက်ဆာကား မီးလောင်မှုအား Level 2 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရပြီး၊ အမျိုးသားတစ်ဦး သေဆုံးကာ ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယမန်နေ့၊ ညနေ ၅ နာရီ ၂၂ မိနစ်ခန့်က အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ ကဘဲကျေးရွာအနီး၊ စစ်ကိုင်း-မြစ်ငယ် ကားလမ်းမဘေးတွင် ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်သည့် ယာဥ်ရပ်နားရာနေရာတွင် ရပ်နားထားသည့် ဂါလံ (၇၅၀၀)ဆံ့ ဆီဘောက်ဆာကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဆက်စပ်မြို့နယ် မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ကြပြီး၊ ညနေ ၅ နာရီ ၄၂ မိနစ်၌ Level 2 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ယင်းကဲ့သို့ ငြှိမ်းသတ်မှုကြောင့် ည ၆ နာရီ ၁၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ည ၈ နာရီ ၂၁ မိနစ်၌ မီးငြှိမ်းသွားခဲ့ကာ မီးလောင်မှုကြောင့် (စီစစ်ဆဲ) အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဆီဘောက်ဆာကား (၂)စီးနှင့် ပေ ၈၀ × ပေ ၄၀ ရှိ Steel Structure (Open Type) (၁)လုံးတို့လည်း မီးလောင်ဆုံးရှုံးခဲ့သဖြင့် မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းအား တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။