Trending Now

နန်းယွန်းမြို့နယ်တွင် မျက်လုံးနာ တုတ်ကွေးတစ်မျိုး ကူးစက်မှုများပြားနေ

Spread the love

နန်းယွန်းမြို့နယ်တွင် မျက်လုံးနာ တုတ်ကွေးတစ်မျိုး ကူးစက်မှုများပြားနေ

EPN
နန်းယွန်း၊ အောက်တိုဘာ ၂၅ (၂၀၂၃)

စစ်ကိုင်းတိုင်း အထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မျက်လုံးနာ တုတ်ကွေး တစ်မျိုး ကူးစက်ပျံ့နှံ့မှု များပြားနေကြောင်း ဒေသခံများထံမှ သိရသည်။

ကူးစက်ခံရသူများမှာ နန်းယွန်းမြို့မှ ပြည်သူများအပြင် နန်းယွန်းမြို့နယ်ရှိ ကျေးရွာများမှ ပြည်သူများအထိ ကူးစက်မှု များနေပြီး နန်းယွန်းဆေးရုံသို့ လာရောက်ကုသသူများ များပြားနေကြောင်း နန်းယွန်းမြို့နေ ဒေသခံတစ်ဦးက ပြောပြသည်။

“ဖြစ်နေတာကတော့ အရမ်းမကြာသေးဘူး၊ အရင်လကတော့ တုတ်ကွေးတွေ ဖြစ်နေကြပေမဲ့ အခုလို မျက်လုံး နီပြီး နာနေကြတာက တစ်ပတ်ကျော် နှစ်ပတ်လောက်ပဲ ရှိအုံးမယ်၊ ဒီနန်းယွန်းကပဲ မဟုတ်ဘူး၊ ကျေးရွာတွေတိုင်းမှာ ဖြစ်နေကြတာ၊ အခုဆိုလည်း နန်းယွန်းပြည်သူ့ဆေးရုံမှာ လာပြကြတဲ့သူတွေများတယ်။ ကူးစက်တာအရမ်း မြန်တော့ စိုးရိမ်ရတယ်။ အဖြစ်များတာက ကလေးပိုင်းနှင့် သက်ကြီးပိုင်းတွေ ပိုကူးစက်တာမြန်တယ်” ဟု၎င်းက ဆိုသည်။

အဆိုပါ မျက်လုံးနာ တုတ်ကွေးမှာ အများအားဖြင့် အားနည်းသည့် ကလေးပိုင်းနှင့် သက်ကြီးရွယ်အိုပိုင်းများ ကူးစက်ကြပြီး ၄ ရက်မှ ၅ ရက်အထိ မျက်လုံးနာကာ ခံစားနေရကြောင်း သိရသည်။

ယခင်နှစ်များတွင်လည်း နန်းယွန်းမြို့နယ်ရှိ ဝေးလံခေါင်ဖျားကျေးရွာဒေသများမှ ရွာသူရွာသားများ ရာသီတုတ်ကွေးများဖြစ်ပွားလျှင် ဆေးကုသခံယူရန် အခက်အခဲများရှိသည့်အတွက် ဆေးဝါးမကုသနိုင်ပဲ သေဆုံးခဲ့ရသူများလည်း ရှိကြောင်း သိရသည်။

လက်ရှိတွင် တုတ်ကွေးအဖျားကူးစက်ခံနေရသည့် ပြည်သူများကို နန်းယွန်းမြို့ရှိ ပြည်သူ့ဆေးရုံကြီးနှင့် ပန်ဆောင်မြို့ရှိ ဆေးရုံများမှ ဆေးကုသပေးနေကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။