Trending Now

အစိုးရရဲ့ အကူအညီနဲ့ ကုန်ကျစရိတ်သက်သာမှုကြောင့် အန္ဒိယမှာ လျှပ်စစ်သုံးယာဉ်တွေ ထွန်းကာလာ

Spread the love

အစိုးရရဲ့ အကူအညီနဲ့ ကုန်ကျစရိတ်သက်သာမှုကြောင့် အန္ဒိယမှာ လျှပ်စစ်သုံးယာဉ်တွေ ထွန်းကာလာ

EPN
နိုင်ငံတကာ၊ သြဂုတ် ၃၁

လျှပ်စစ်စကူတာကို ဆိုင်နောက်ဖေးမှာသိမ်းဆည်းထားတဲ့ ကုန်စုံဆိုင်တွေ၊ လူစည်ကားတဲ့ ဈေးတွေမှာ လျှပ်စစ်သုံးယာဉ်တွေနဲ့ ပြည့်နေတဲ့ မြင်ကွင်ဟာ အိန္ဒိယနိုင်ငံ ဘင်ဂါလူရု ပြည်နယ်မှာ ပိုမိုရင်းနှီးလာတဲ့ မြင်ကွင်းတစ်ခုဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ တိုးတက်မှုအမြန်ဆုံး လျှပ်စစ်ကားဈေးကွက်တွေထဲက တစ်ခုဖြစ်ပြီး အခုအခါ EV ပိုင်ရှင်တွေ သန်းပေါင်းများစွာရှိလာပြီဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ လျှပ်စစ်သုံးယာဉ် ၂.၃ သန်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာလည်း ဈေးသက်သာပြီး လူကြိုက်များတဲ့ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်၊ စကူတာတွေနဲ့ သုံးဘီးယာဉ်တွေဖြစ်ပါတယ်။

မှတ်တမ်းတွေအရ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယရဲ့ သုံးဘီးယာဉ်မှတ်တမ်းတင်မှု ထက်ဝက်ကျော်ဟာ လျှပ်စစ်သုံးယာဉ်တွေဖြစ်ကြောင်း ဧပြီလက ထုတ်ပြန်တဲ့ IEA (အပြည်ပြည်ဆိုင်ရာစွမ်းအင် အေဂျင်စီ)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

လျှပ်စစ်သုံးယာဉ်ထုတ်လုပ်မှုကို အားပေးဖို့ အစိုးရရဲ့ ဒေါ်လာ ၁.၃ ဘီလီယံ အစီအစဉ်အပြင် လျှပ်စစ်သုံးယာဉ်တွေကို ဈေးလျော့ပေးမှု၊ လောင်စာဆီဈေးနှုန်းမြင့်တက်မှုတွေကြောင့် အန္ဒိယနိုင်ငံမှာ လျှပ်စစ်သုံးယာဉ်တွေ ပိုမိုအသုံးပြုလာကြတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

လျှပ်စစ်သုံးယာဉ်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ လေထုညစ်ညမ်းလာမှုကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုဖြစ်ပြီး သယ်ယူပို့ဆောင်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖန်လုံးအိမ်ဓာတ်ငွေ့ထုတ်လွတ်မှုကို သိသိသာသာ အထောက်အကူဖြစ်စေပါတယ်။

အသက် ၂၅ နှစ်အရွယ် ပရမ်ကူးမာဟာ သုံးဘီး ပို့ဆောင်ရေးယာဉ်မောင်းတစ်ဦးဖြစ်ပြီး အခုနှစ်အစောပိုင်းကမှ EV ယာဉ်ကို ပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပါတယ်။ ယာဉ်အသွားအလာများတဲ့ မှတ်တိုင်တွေမှာ မီးခိုးငွေ့တွေ ဖုံလွှမ်းနေတတ်တဲ့ ဓါတ်ငွေသုံးယာဉ်မောင်း တစ်ဦးအဖြစ်လည်း လုပ်ကိုင်ခဲ့ဘူးသူ တစ်ဦးဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ယာဉ်အသစ်က မောင်းရ ပိုလွယ်ကူပြီး သက်တောင့်သက်သာရှိတဲ့အပြင် ကုန်ကျစရိတ် ကွာခြားမှုကို သူမြင်နေပြီလို့ ဆိုပါတယ်။” “ကားကို သုံးနာရီကြာ အားသွင်းဖို့ ရူပီး ၆၀ (ဝ.၇၂ ဆင့်) သုံးရင် ကီလိုမီတာ ၈၀ (မိုင် ၅၀) ရတယ်။ ဒီဇယ်ကားတစ်စီးမှာ တူညီတဲ့ ခရီးမိုင်ရဖို့ အနည်းဆုံး ရူပီး ၃၀၀ (ဒေါ်လာ ၃.၆၀) သုံးစွဲမယ်” လို့ သူကပြောပါတယ်။

ဘင်ဂါလူရု အခြေစိုက် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီ City Link ရဲ့ ပို့ဆောင်ရေးယာဉ်မောင်းတစ်ဦးဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဆန်ကူးမာ ကလည်း လျှပ်စစ်ယာဉ်ပြောင်းလိုက်ကတည်းက အကျိုးကျေးဇူးကို စတင်ခံစားနေရပြီလို့ ဆိုပါတယ်။

“ကားဆီကုန်လို့ ရပ်သွားမှာ စိတ်ပူစရာမလိုတော့ဘူး၊ ပတ်ပတ်လည်မှာ အားသွင်းလို့ရတဲ့ charging station တွေ အများကြီးရှိနေတော့ အားကုန်သွားမှာလည်း စိတ်ပူစရာမလိုဘူး” လို့ ကူးမားက ပြောပါတယ်။ IEA ကလေ့လာဆန်းစစ်သူ အဲလီဇဘတ် ကာနိုလီရဲ့ ပြောကြားချက်အရ အန္ဒိယနိုင်ငံမှာ charging station တွေ ဆယ်ဆတိုးလာခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘီးတပ်၊ သုံးဘီးတပ် လျှပ်စစ်ယာဉ်တွေကို သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အများအားဖြင့် အသုံးပြုကြတယ်လို့ ကူမားက ပြောကြားခဲ့ပြီး သူ့ကိုယ်ပိုင်လျှပ်စစ်ကား မရှိသေးပေမယ့် ကိုယ်ပိုင်ကားဝယ်ဖို့ ဒါမှမဟုတ် ငှားလို့ရတဲ့ ကားတချို့ကိုတောင် စိတ်ကူးထားတယ်လို့ ဆိုပါတယ်။ လက်ရှိသူမောင်းနေတဲ့ ကားက ကုမ္ပဏီပိုင်ဖြစ်ပါတယ်။

ဓါတ်ငွေ့သုံးယာဉ်တွေထက် ကုန်ကျစာရိတ် သိသိသာသာ ဈေးသက်သာတဲ့ လျှစ်စစ်ယာဉ်တွေကို ပြည်သူတွေက ရွေးချယ်မှုတစ်ရပ်အနေနဲ့ ပြုလုပ်လာကြတယ်လို့ ဘင်ဂါလူရု အခြေစိုက် Center for Study of Science, Technology and Policy ( သိပ္ပံ၊ နည်းပညာနှင့် မူဝါဒလေ့လာရေးစင်တာ) က သီရူမလိုင်က ပြောပါတယ်။

ဒါပေမယ့် လျှပ်စစ်ကားတွေ ရေရှည်ရှင်သန်နိုင်မှုဟာ ဘက်ထရီအတွက် လိုအပ်တဲ့ ဓာတ်သတ္တုတွေအပြင် အခြားအစိတ်အပိုင်းတွေပါ ထောက်ပံ့ပေးနိုင်မှုအပေါ် မူတည်တယ်လို့ သူက ပြောပါတယ်။ လျှပ်စစ်သုံးယာဉ်တွေကို အားသွင်းတဲ့ လျှပ်စစ်ဓါတ်အား အရင်းမြစ်ကလည်း သန့်ရှင်းဖို့ လိုအပ်ပေမယ့် လောလောဆယ်တော့ မဟုတ်သေးဘူးလို့ သူက ဆက်ပြောပါတယ်။

အိန္ဒိယနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လေးပုံသုံးပုံကျော်ဟာ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ကျောက်မီးသွေးကနေ ထုတ်လုပ်တယ်လို့ အစိုးရအစီရင်ခံစာတွေအရ သိရပါတယ်။ သတ္တုတူးဖော်ရေးကုမ္ပဏီတွေဟာ လျှပ်စစ်ကားတွေနဲ့ အခြားလျှစ်စစ်သုံး ပစ္စည်းတွေမှာ အစိတ်အပိုင်ပြုလုပ်ဖို့ လိုအပ်တဲ့ သတ္တုတွေကို ဘေးကင်လုံခြုံစွာ တူးဖော်မှုမပြုလုပ်ခဲ့ကြဘူးလို့ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်းများစွာရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

သီရူမလိုင်က အနာဂတ်မှာ ပိုမိုသန့်ရှင်းတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုံလောက် စွာမရရှိခင်အထိ လျှပ်စစ်ကား ထုတ်လုပ်မှုကို အချိန်မီလျော့ချသင့်တယ်လို့ အကြံပြုပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ တိုးတက်မှု နေးကွေးနေပေမယ့် အိန္ဒိယအစိုးရက အိမ်ပေါင်း သန်း ၃၀၀ ကို လျှပ်စစ်ဓါတ်အားပေးဖို့ လုံလောက်တဲ့ သန့်ရှင်းတဲ့စွမ်းအင် ၅၀၀ ဂီဂါဝပ်ကို ဆယ်စုနှစ်အတွင်းတပ်ဆင်ဖို့ စီစဉ်ထားပြီး ၂၀၇၀ ခုနှစ်မှာ ဖန်လုံးအိမ်ဓာတ်ငွေ့ထုတ်လွတ်မှု သုညရာခိုင်နှုန်းကို ရောက်ရှိဖို့ မျှော်မှန်းထားပါတယ်။

ဒါ့အပြင် လျှပ်စစ်သုံးယာဉ်တွေကို လူတိုင်းအသုံးပြုနိုင်ဖို့ ဘဏ္ဍာငွေဆိုင်ရာ စိန်ခေါ်မှုတွေရှိနေပြီး ဒါတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ နယူးဒေလီအခြေစိုက် သန့်ရှင်းသောစွမ်းအင် အကျိုးအမြတ်မယူအဖွဲ့ RMI India က အာဆီမာက ပြောပါတယ်။

အလားအလာရှိတဲ့ ဖောက်သည်တွေအတွက် အတိုးနည်းသော ချေးငွေနဲ့ လျှပ်စစ်သုံးယာဉ်တွေအတွက် အခွန်လျှော့ချပေးမှုလို မက်လုံးတွေက အထူးသဖြင့် ဝင်ငွေနည်းပါးတဲ့ ဝယ်ယူသူတွေအတွက် အဆင်ပြေစေမဲ့အပြင် EV ရောင်းချမှုကိုပါ မြှင့်တင်ပေးနိုင်တယ်လို့ သူမက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ လက်ရှိအချိန်မှာ လိုအပ်ချက်တွေ ရှိနေသေးပေမယ့် အင်ဒိုနီးရှား၊ ဖီလစ်ပိုင်၊ အာဖရိကနိုင်ငံအချို့နဲ့ တစ်ခြားထွန်းသစ်စနိုင်ငံတွေအတွက် စံနမှုနာပုံစံတစ်ခုအဖြစ် ဦးဆောင်နိုင်ခဲ့တယ်လို့ သူမက ယူဆထားပါတယ်။

“ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စံသတ်မှတ်ချက်တွေနဲ့ ပတ်သက်လာရင်တော့ အိန္ဒိယနိုင်ငံဟာ ဦးဆောင်အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်” လို့ သူမကပြောပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။