Trending Now

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မီးလောင်မှုကြောင့် လူ ၂၇ ဦး သေဆုံး

Spread the love

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် မီးလောင်မှုကြောင့် လူ ၂၇ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ မေ ၁၄

အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့တွင် မေလ ၁၃ ရက်နေ့က က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးကာ ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့တယ်လို့ အရေးပေါ်ကျန်းမာရေးဌာန က ပြောကြားခဲ့ပါတယ်။

နယူးဒေလီမြို့အနောက်ဘက်ရှိ လေးထပ်စီးပွားရေးအဆောက်အအုံမှာ ကြီးမားတဲ့ မီးလောင်မှုကြီးဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်ကျွမ်းရတဲ့အကြောင်းရင်းကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

“မီးလောင်နေတဲ့ အဆောက်အဦကနေ ရုပ်အလောင်း နှစ်ဆယ့်ခုနစ်လောင်းကို သယ်ထုတ်ခဲ့ရပြီး ဒဏ်ရာရသူ နှစ်ဒါဇင်နီးပါးကိုလည်း ဆေးရုံမှာ အရေးပေါ် ပို့ထားရပါတယ်၊” လို့ အခင်းဖြစ်ပွားရာနေရာရှိ ဒေလီမီးသတ်ဌာနရဲ့ စစ်ဆင်ရေးတာဝန်ခံ ဗဟာဒေ့ရှ် က အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားတဲ့အချိန် အဆောက်အအုံအတွင်းမှာ လူ ၇၀ ခန့်ရှိခဲ့တယ်လို့ ဗဟာဒေ့ရှ် ကပြောဆိုခဲ့ပြီး “မီးဘေးထွက်ပေါက်မရှိလို့ လူအများစု အသက်ရှုကြပ်တာကြောင့် သေဆုံးခဲ့ရတာပါ”လို့ သူကဆိုပါတယ်။

မီးလောင်နေတဲ့ အဆောက်အဦးကနေ အချို့ လူတွေက ခုန်ချခဲ့တာကြောင့် ဒဏ်ရာ ရရှိခဲ့တာလို့ အခင်းဖြစ်ပွားရာ အနီးရှိ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဗဟာဒေ့ရှ် က မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်း ပြောကြားခဲ့ပေမယ့် အဆိုပါ အဆောက်အဦဟာ လုံခြုံရေးကင်မရာနဲ့ router ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ ရုံးခန်းဖြစ်ပြီး စက္ကူထုပ်ပိုးပစ္စည်းတွေ သိုလှောင်ရန်အတွက် အသုံးပြုခဲ့တာလို့ သူက ဆိုပါတယ်။

သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိနေတဲ့ တာဝန်ရှိသူတွေကပြောဆိုခဲ့ပြီး တဆက်ထဲမှာပဲ အဆောက်အဦး ညံ့ဖျင်းခြင်း၊ လူ များပြားခြင်းနဲ့ ဘေးကင်းရေး စည်းမျဉ်းတွေကို လိုက်နာမှုမရှိတာကြောင့် အိန္ဒိယနိုင်ငံမှာ မီးလောင်ကျွမ်းမှု အဖြစ်များတာဖြစ်တယ်လို့လည်း သူတို့က ဆိုပါတယ်။

လူဦးရေ စုစုပေါင်း သန်း ၂၀ ရှိတဲ့ အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဟာ လက်ရှိအချိန်မှာ အပူလှိုင်းဒဏ်ကို ခံစားနေရပြီး အချို့နေရာများမှာ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင်မြင့်တက်နေတယ်လို့ သိရပါတယ်။

Source – AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။