Trending Now

မြို့ပြနှင့် လျှပ်စစ်သုံးယာဥ်များ

Spread the love

မြို့ပြနှင့် လျှပ်စစ်သုံးယာဥ်များ

EPN
ဆောင်းပါး၊ အောက်တိုဘာလ ၄ ရက် (၂၀၂၃)

မင်းသန့်ရေးသားသည်။

အခုဆိုရင် လျှပ်စစ်ကားတွေကို မြို့ကြီးတွေဖြစ်တဲ့၊ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီ ဖြစ်ပါတယ်။ လျှပ်စစ်သုံးယာဥ်တွေ အသုံးပြုခြင်းကလည်း မြို့ပြရဲ့ ဂုဏ်ပုဒ်တစ်ခုလို ဖြစ်လာနေပါတယ်။ လျှပ်စစ်အသုံးပြုယာဥ်တွေ သုံးစွဲမှု မြင့်တက်လာခြင်းက မြို့ပြဖွံ့ဖြိုး တိုးတက်မှုကို ထင်ဟပ်စေမှာပဲ ဖြစ်ပါတယ်။

သို့ပေမယ်လည်း ပြည်တွင်းမှာဆိုရင် လျှပ်စစ်ကားစျေးနှုန်းတွေနဲ့ လျှပ်စစ်မီး အလှည့်ကျ ပေးဝေနေရတဲ့ အခြေအနေတွေကြောင့် အများပြည်သူ အသုံးပြုနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခုမှာ ရှိနေ တယ်လို့ ပညာရှင်တွေ ထောက်ပြလာကြတာကိုလည်း တွေ့မြင်ရပါတယ်။
ကချင်ပြည်နယ်မှာ ဆိုရင်လည်း လျှပ်စစ်ကား အသုံးပြုဖို့ စိတ်ဝင်စားသူတွေ များလာတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ ပြည်နယ်အတွင်း အခက်အခဲတွေနဲ့ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ လျှပ်စစ်ကားတွေရဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးကလည်း အလှည့်ကျစနစ်နဲ့ ပေးဝေနေတဲ့အတွက် အခက်အခဲ ဖြစ်သလို မရှိမဖြစ်လိုအပ်တဲ့ အများသုံး Level-3 အဆင့် လျှပ်စစ်ကား အားသွင်းရုံ (Charging Station) တွေ တည်ဆောက်ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လျှပ်စစ်ကားတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပြီ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ တိုးတက်မှုအမြန်ဆုံး လျှပ်စစ်ကားဈေးကွက်တွေထဲက တစ်ခုဖြစ်ပြီး အခုအခါ EV ပိုင်ရှင်တွေ သန်းပေါင်းများစွာရှိလာပြီ ဖြစ်ပါတယ်။ နိုင်ငံအတွင်းမှာရှိတဲ့ လျှပ်စစ်သုံးယာဉ် ၂ ဒဿမ ၃ သန်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာလည်း ဈေးသက်သာပြီး လူကြိုက်များတဲ့ လျှပ်စစ်သုံး မော်တော်ဆိုင်ကယ်၊ စကူတာတွေနဲ့ သုံးဘီးယာဉ်တွေ ဖြစ်ပါတယ်။
မှတ်တမ်းတွေအရ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယရဲ့ သုံးဘီးယာဉ်မှတ်တမ်းတင်မှု ထက်ဝက်ကျော်ဟာ လျှပ်စစ်သုံးယာဉ်တွေဖြစ်ကြောင်း ဧပြီလက ထုတ်ပြန်တဲ့ IEA (အပြည်ပြည်ဆိုင်ရာစွမ်းအင် အေဂျင်စီ)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။ လျှပ်စစ်သုံးယာဉ်ထုတ်လုပ်မှုကို အားပေးဖို့ အစိုးရရဲ့ ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံ အစီအစဉ်အပြင် လျှပ်စစ်သုံးယာဉ်တွေကို ဈေးလျော့ပေးမှု၊ လောင်စာဆီဈေးနှုန်း မြင့်တက်မှုတွေကြောင့် အန္ဒိယနိုင်ငံမှာ လျှပ်စစ်သုံးယာဉ်တွေ ပိုမိုအသုံးပြုလာကြတာ ဖြစ်ပါတယ်။

ဓါတ်ငွေ့သုံးယာဉ်တွေထက် ကုန်ကျစားရိတ် သိသိသာသာ ဈေးသက်သာတဲ့ လျှစ်စစ်ယာဉ်တွေကို ပြည်သူတွေက ရွေးချယ်မှုတစ်ရပ် အနေနဲ့ ပြုလုပ်လာကြတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား လေးပုံသုံးပုံကျော်ဟာ ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ကျောက်မီးသွေးကနေ ထုတ်လုပ်တယ်လို့ အစိုးရ အစီရင်ခံစာတွေအရ သိရပါတယ်။ သတ္တုတူးဖော်ရေး ကုမ္ပဏီတွေဟာ လျှပ်စစ်ကားတွေနဲ့ အခြားလျှစ်စစ်သုံး ပစ္စည်းတွေမှာ အစိတ်အပိုင်းပြုလုပ်ဖို့ လိုအပ်တဲ့ သတ္တုတွေကို ဘေးကင်းလုံခြုံစွာ တူးဖော်မှု မပြုလုပ်ခဲ့ကြဘူးလို့ အိန္ဒိယ အပါအဝင် နိုင်ငံပေါင်းများစွာရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ တိုးတက်မှု နှေးကွေးနေပေမယ့် အိန္ဒိယအစိုးရက အိမ်ပေါင်း သန်း ၃၀၀ ကို လျှပ်စစ်ဓါတ်အားပေးဖို့ လုံလောက်တဲ့ သန့်ရှင်းတဲ့ စွမ်းအင် ၅၀၀ ဂီဂါဝပ်ကို ဆယ်စုနှစ်အတွင်း တပ်ဆင်ဖို့ စီစဉ်ထားပြီး၊ ၂၀၇၀ ခုနှစ်မှာ ဖန်လုံးအိမ်ဓာတ်ငွေ့ထုတ်လွတ်မှု သုညရာခိုင်နှုန်းကို ရောက်ရှိဖို့ မျှော်မှန်းထားပါတယ်။

လျှပ်စစ်သုံးယာဉ်တွေဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ လေထုညစ်ညမ်းလာမှုကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုဖြစ်ပြီး၊ သယ်ယူပို့ဆောင်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ ဖန်လုံးအိမ်ဓာတ်ငွေ့ထုတ်လွတ်မှုကို သိသိသာသာ အထောက်အကူဖြစ်စေပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ တစ်နိုင်ငံလုံးနီးပါး အလှည့်ကျစနစ်နဲ့ မီးပေးဝေနေရတဲ့ အနေအထားမှာ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းမှာ လျှပ်စစ်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ပိုမိုရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ကမ္ဘာဘဏ်ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းအရ ၂၀၂၁ ခုနှစ်နောက်ပိုင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ၂ ဒဿမ ၅ ဂစ်ဂါဝပ်ကျော် (2.5 Gigawatts-GW) လျော့ကျသွားခဲ့သလို နိုင်ငံတဝှမ်းမှာ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေနဲ့ ဓာတ်အားပေးလိုင်းတွေ တိုက်ခိုက်ခံရမှုအနည်းဆုံး၂၂၉ ကြိမ် ရှိခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ ဆိုရင်လည်း မလိယန် ရေလှောင်တမံ အနီးမှာရှိတဲ့ ဓါတ်အားလိုင်း KV ကြိုးတွေ ပြတ်တောက်သွားခဲ့တဲ့အတွက် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့နယ် ရပ်ကွက်အများစုမှာဆိုရင် ၄ နာရီခြား အလှည့်ကျ မီးပေးစနစ်ကို ဩဂုတ်လ ၂ ရက်နေ့က စတင်ပြီး ကျင့်သုံးလာခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ပျက်နေတဲ့ ဓာတ်အားကြိုးတွေကို သွားရောက်ပြုပြင်ဖို့ အခက်အခဲတွေ ရှိတာကြောင့် အလှည့်ကျမီးပေးစနစ်ကို ပြည်သူတွေ ယနေ့အထိ တွေ့ကြုံခံစားနေရတာ ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေကို အများပြည်သူ အသုံးပြုနိုင်ဖို့ အတွက်ဆိုရင် အစိုးရအနေနဲ့ သက်သာတဲ့စျေးနှုန်းနဲ့ လျှပ်စစ် အလွယ်တကူ အသုံးပြုလို့ရမယ့် နေရာများစွာ ဖန်တီးပေးဖို့ လိုမှာပဲ ဖြစ်ပါတယ်။ ကမ္ဘာနဲ့အဝှမ်း ကမ္ဘာကြီး ပူနွေးလာမှုနဲ့ လေထုညစ်ညမ်းမှု လျော့ချဖို့ လျှပ်စစ်ယာဥ်တွေကို အသုံပြုလာကြပြီ ဖြစ်ပါတယ်။ ဒီအပြင် လောင်စာဆီစျေး မြင့်တက်မှုကြောင့်လည်း လျှပ်စစ်ယာဥ်တွေကို အသုံးပြုလိုသူတွေ များလာတာပဲ ဖြစ်ပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ လျှပ်စစ်ယာဥ်တွေက မြို့တွင်းသယ်ယူပို့ဆောင်ရေးတွေမှာ အရေးပါတဲ့ကဏ္ဍတစ်ခုအဖြစ် ရပ်တည်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လျှပ်စစ်ယာဥ်တွေကို တွင်ကျယ်စွာ အသုံးပြုဖို့ ဆိုတာကလည်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိစေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီ့အတွက် လျှပ်စစ်ဓာတ်အားဟာ နိုင်ငံဖွံ့ဖြိုးရေးအတွက် ကဏ္ဍအစုံမှာ လိုအပ်နေတာကြောင့် လျှပ်စစ်ကဏ္ဍကို ဦးစားပေးဆောင်ရွက်ပေးသင့်ပါကြောင်း ရေးသားအကြံပြု လိုက်ရပါတယ်။

Photo – crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။