Trending Now

သင်္ကြန်နီးချိန်တွင် ကုန်ခြောက်နှင့် သားငါးစျေးနှုန်းများ ကျပ် ၁၀၀၀ မှ ကျပ် ၄၀၀၀ အထိ ထပ်မံမြင့်တက်

Spread the love

သင်္ကြန်နီးချိန်တွင် ကုန်ခြောက်နှင့် သားငါးစျေးနှုန်းများ ကျပ် ၁၀၀၀ မှ ကျပ် ၄၀၀၀ အထိ ထပ်မံမြင့်တက်

EPN
ပုသိမ်၊ ဧပြီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်
သင်္ကြန်ကာလ နီးကပ်လာခြင်းနှင့် ကုန်စည်၊ ကား၊ သင်္ဘောများ ဆိုက်ရောက်မှု နည်းပါးခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ခြောက်နှင့် သား၊ ငါး စျေးနှုန်းများ ကျပ် ၁၀၀၀ မှ ၄၀၀၀ အထိ ထပ်မံမြင့်တက်လျက် ရှိကြောင်း စုံစမ်းသိရသည်။

အခြေခံ စားသောက်ကုန်များဖြစ်သော ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် အာလူးတစ်ပိဿာစျေးနှုန်းများမှာ ယခင်ကထက် ကျပ် ၄၀၀ မှ ၉၀၀ အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

သား၊ ငါးစျေးနှုန်းများအနေဖြင့် မွေးမြူရေးကြက်၊ အိမ်ကြက်၊ ၀က်သားနှင့် အမဲသားတစ်ပိဿာစျေးမှာ ယခင်ရောင်းဈေးများထက် အနည်းဆုံး ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ မြင့်တက်နေခြင်း ဖြစ်သည်။

ထို့အပြင် ငါးကြင်း၊ ငါးကျည်း၊ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးရံ့နှင့် တီလားဗီးယား တစ်ပိဿာစျေးနှုန်းများမှာ ယခင်ရောင်းစျေးထက်ကျပ် ၁၀၀၀ မှ ၄၀၀၀ အထိ အသီးသီး မြင့်တက်နေကြောင်း သိရသည်။

“ပွဲတော်ရက်နီးလာတာရယ်၊ ပစ္စည်းရှားလာတာရယ်ကြောင့် စျေးတွေက ထက်၀က်စီမြင့်နေရတာ။ စျေးကတက်နေပေမယ့် စျေးပိတ်ရက်လည်းရှိတော့ ဒီပိတ်ရက်တွေအတွက် စျေးကြီးလည်း တင်ရောင်းရတာတွေရှိတယ်။ သင်္ကြန်အတွက်ဆိုပြီး တစ်နေ့ကို တစ်သောင်းဖိုး၊ နှစ်သောင်းဖိုးလောက် လာ၀ယ်တဲ့သူတွေရှိတော့ ဒီရက်ပိုင်းအတွင်းကတော့ ရောင်းရပါတယ်” ဟု ပုသိမ်ငါးဈေးရှိ ဈေးသည်တစ်ဦးက ပြောသည်။

ထို့အပြင် ကြက်ဥ၊ ဘဲဥ စျေးများလည်း တက်လျက်ရှိပြီး ကီလို ၂၀ ရှိ အလုံး ၃၀၀ ပါ ကြက်ဥ၊ ဘဲဥကတ်အား ယခင်ကျပ် ၂၉၅၀၀ ရှိရာမှ ယခု ကျပ် ၃၅၅၀၀ သို့ မြင့်တက်နေကြောင်းလည်း သိရသည်။

“သင်္ကြန်ရက်က စျေးတွေလည်းပိတ်မှာဆိုတော့ သင်္ကြန်တွင်းစားဖို့ ကြို၀ယ်ထားတာပါ။ အခုရက်ပိုင်းကတော့ စျေးကတော်တော်တက်တယ်။ ဒါပေမဲ့ ဒီအချိန်မ၀ယ်ထားရင် အဲဒီရက်ပိုင်းဖွင့်တဲ့ဆိုင်တွေက စျေးအဆမတန်တက်မှာ” ဟု သင်္ကြန်ပိတ်ရက်အတွက် ဈေးဝယ်ထားသည့် အိမ်ရှင်မတစ်ဦးက ၎င်း၏ အမြင်ကို ပြောပြသည်။

ကုန်ခြောက်နှင့် သား၊ ငါးစျေးနှုန်းများသည် သင်္ကြန်ရက်မတိုင်မီကတည်းက တက်ရိပ်ပြနေခဲ့ပြီး ပွဲတော်ရက်နှင့် ပိုမိုနီးကပ်လာသောကြောင့် ထက်၀က်ခန့် မြင့်တက်သွားရခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင်ကုန်ခြောက်နှင့် သားငါးစျေးနှုန်းများမှာ ဧပြီလဆန်းပိုင်းမှစ၍ တရိပ်ရိပ် မြင့်တက်ခဲ့ပြီး တစ်ခါဈေးမြင့်လျှင် အနည်းဆုံးကျပ် ၁၀၀၀ အထိ မြင့်တက်ကြောင်းဈေးကွက်များအတွင်းမှ စုံစမ်းချက်အရ သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။