Trending Now

ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အတွင်း ပီလောပီနံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး တိုက်တွန်း

Spread the love

ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အတွင်း ပီလောပီနံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး တိုက်တွန်း

EPN
မြစ်ကြီးနား၊ ဧပြီ ၆ (၂၀၂၄)

ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အတွင်း ပီလောပီနံ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ယမန်နေ့၊ မွန်းလွဲ ၁နာရီ အချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခ ခန်းမဆောင်တွင် ဌာနဆိုင်ရာများ၊ ပြည်နယ်သီးနှံစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုက်တွန်းပြောဆိုခဲ့သည်။

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာ ဖူလုံရေးနှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် ပီလောပီနံသည် စက်မှုကုန်ကြမ်းသီးနှံတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးသည့်အခါတွင်လည်း သွင်းအားစုနည်းလိုအပ်ချက်နည်းပါးကာ အမြတ်အစွန်းများစွာ ရရှိသည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြောဆိုခဲ့သည်။

” ပီလောပီနံသီးနှံသည် စက်မှုကုန်ကြမ်းသီးနှံတစ်ခု ဖြစ်ပါကြောင်း၊ ဘက်စုံအသုံးပြုနိုင်ပြီး မိမိတို့နိုင်ငံအတွင်း ဒေသမရွေး စိုက်ပျိုးနိုင်သော သီးနှံတစ်ခု ဖြစ်ပါကြောင်း၊ စိုက်ပျိုးသည့်အခါတွင်လည်း သွင်းအားစုလိုအပ်ချက် နည်းပါပြီး အမြတ်အစွန်းများစွာ ရရှိကာ နိုင်ငံရပ်ခြားသို့ တင်ပို့နိုင်သော သီးနှံလည်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း ပီလောပီနံ တိုးချဲ့စိုက်ပျိုးနိုင်‌ရေး တောင်သူအသိပညာပေး စည်းရုံးရေး၊ မျိုးကောင်း မျိုးသန့်နဲ့ နည်းပညာဖြန့်ဝေနိုင်ရေး စတဲ့ သွင်းအားစုများ ပံ့ပိုးကူညီပေးနိုင်ရေးအတွက် ဒီကနေ့ တက်ရောက်လာသူများအနေနဲ့ စနစ်တကျ စီမံဆောင်ရွက်သွားရမှာ ဖြစ်တယ် ” ဟု ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း နှစ်အလိုက် စီးပွားဖြစ်နှင့် နေအိမ်ခြံဝင်းများအတွင်း ပီလောပီနံစိုက်ပျိုးခဲ့မှု အခြေအနေများ၊ ပီလောပီနံသီးနှံစိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးနည်းစနစ်များ၊ စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများ၊ စိုက်ပျိုးထုတ်လုပ်ရာတွင် အရင်းအနှီး ကုန်ကျစရိတ်၊ ဈေးကွက်နှင့် တောင်သူအကျိုးဖြစ်ထွန်းနိုင်မှု အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များက ပီလောပီနံ စိုက်ပျိုးမှုနှင့်စပ်လျဉ်း၍ သိလိုသည်များ၊ ဈေးကွက်ရရှိမှုနှင့် ကုန်ချောထုတ်လုပ်နိုင်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ပီလောပီနံ စိုက်ပျိုးမှု တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဈေးကွက်ရရှိအောင် ပေါင်းစပ်ဆောင်ရွက်ပေးရေး၊ စက်မှုကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။