Trending Now

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အင်္ဂလိပ်စာ နေ့တွင် ကချင်ပြည်နယ်အတွင်း ထပ်မံ ပျက်ကွက်သူ (၄) ဦးရှိ

Spread the love

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အင်္ဂလိပ်စာ နေ့တွင် ကချင်ပြည်နယ်အတွင်း ထပ်မံ ပျက်ကွက်သူ (၄) ဦးရှိ

EPN
မြစ်ကြီးနား၊ မတ် ၉

ကချင်ပြည်နယ်အတွင်း ကျင်းပနေသည့် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဒုတိယနေ့၊ အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင် မြန်မာစာနေ့ထက် (၄) ဦးထပ်မံ ပျက်ကွက်ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုကြမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၃၂၇ ဦး အနက် မတ်လ ၉ ရက် ယနေ့ ကျင်းပခဲ့သည့် အင်္ဂလိပ်စာ ဘာသာရပ် ဖြေဆိုသူနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၉၅၂၉ ဦးသာ လာရောက်ဖြေဆိုကြပြီး မြန်မာစာနေ့ထက် (၄) ဦး ထပ်မံ ပျက်ကွက်ခဲ့ကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ဒီနေ့ လေးဦးထပ်တိုး ပျက်ကွက်တယ်၊ ပျက်ကွက်သူ အများစုက ပြင်ပ ဖြေဆိုသူတွေ များတယ်၊ ပြင်ပဖြေဆိုသူ (၇၅၄) ဦးအထိ ပျက်ကွက်တယ်၊ ကျောင်းဖြေကတော့ (၄၄) ဦး ပျက်ကွက်တယ်၊ ပျက်ကွက်တဲ့ ရာခိုင်နှုန်းအားဖြင့်တော့ ၇.၇၃ ရာခိုင်နှုန်း ရှိတယ်။” ဟု ၎င်းက ဆိုသည်။

မြန်မာစာ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ကချင်ပြည်နယ်အတွင်း စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၁၀၃၂၇ ဦး အနက် လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၉၅၃၃ ဦး၊ ပျက်ကွက်သူ ၇၉၄ ဦး ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကချင်ပြည်နယ်အတွင်း ဝင်ရောက်ဖြေဆိုခဲ့သူ ၁၁၄၈၃ ဦး၊ အောင်မြင်ခဲ့သူ ၅၃၂၅ ဦး နှင့် အောင်ချက် ရာခိုင်နှုန်း ၄၆.၃၇ ရှိခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အဆင့် (၆) နေရာ ရရှိခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။