Trending Now

အီရတ်မင်္ဂလာဆောင် မီးလောင်မှုအတွင်း လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့

Spread the love

အီရတ်မင်္ဂလာဆောင် မီးလောင်မှုအတွင်း လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၇

အီရတ်နိုင်ငံ မြောက်ပိုင်း ဟမ်ဒါနီယာမြို့က မင်္ဂလာဆောင်တစ်ခုမှာ မီးလောင်မှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူပေါင်း ၁၀၀ သေဆုံးခဲ့ပြီး ၁၅၀ ကျော် ဒဏ်ရာရှိခဲ့တယ်လို့ ဒီနေ့မနက်အစောပိုင်းမှာ အီရတ်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။

မင်္ဂလာခန်းမဟာ မီးလောင်လွယ်ပြီး တန်ဖိုးနည်း ဆောက်လုပ်ရေး ပစ္စည်းတွေ အသုံးပြုမှုကြောင့် မျက်နှာကျက်ရဲ့ အစိတ်အပိုင်းတချို့ကနေ မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့တာလို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို ပြောပါတယ်။

“ပဏာမအချက်အလက်တွေအရတော့ မင်္ဂလာဆောင်မှာ မီးရှူးမီးပန်းတွေအသုံးပြုခဲ့ပြီး ခန်းမအတွင်းမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရှိသူတွေကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက နီးစပ်ရာ ဆေးရုံတွေကို ပို့ဆောင်ပေးထားပါတယ်” လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

အီရတ်ဝန်ကြီးချုပ် မိုဟာမက်ရှီယာ အယ်လ်ဆူဒါနီက ကျန်းမာရေးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးတွေကို ကူညီကယ်ဆယ်ဖို့ တောင်းဆိုခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာနက ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးထရပ်ကားတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ စေလွတ်ခဲ့တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ ဘေးကင်းရေးစံနှုန်းတွေကို လိုက်နာမှုအားနည်းတဲ့အတွက် အီရတ်နိုင်ငံမှာ မီးလောင်မှုနဲ့ မတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းကလည်း နိုင်ငံတောင်ပိုင်းက ဆေရုံမှာရှိတဲ့ ကိုဗစ်လူနာဆောင် မီးလောင်မှုကြောင့် လူပေါင်း ၆၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနှစ်ကပဲ ဘဂ္ဂဒက်မြို့က ဆေးရုံတစ်ရုံမှာ ကိုဗစ်လူနာတွေအတွက် သိမ်းထားတဲ့ အောက်ဆီဂျင်ဘူးတွေ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၈၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ref; AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။