Trending Now

ဖားကန့်လမ်းပိုင်း နန့်ယားတွင် ခရီးသွား ပြည်သူများ ပိတ်မိခဲ့

Spread the love

ဖားကန့်လမ်းပိုင်း နန့်ယားတွင် ခရီးသွား ပြည်သူများ ပိတ်မိခဲ့

EPN
ဖားကန့်၊ အောက်တိုဘာ ၃ (၂၀၂၃)

မြစ်ကြီးနား – ဖားကန့် ကားလမ်းပိုင်းဖြစ်သည့် နန့်တိန်းဂိတ်တွင် ယမန်နေ့ နေ့လယ်ပိုင်း အချိန်က သွားလာခွင့် ပိတ်ထားသောကြောင့် ခရီးသွား ပြည်သူများ နန့်ယားတွင် ပိတ်မိခဲ့ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

ဖားကန့် မြို့နယ်၊ နန့်တိန်း ဘက်တွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း ယမန်နေ့ ၁၂ နာရီ အချိန် လမ်းပိတ်ထားမှုကြောင့် ခရီးသည် ကားများ နန့်ယားစု‌ပေါင်း ဂိတ်တွင် ပိတ်မိခဲ့ကြောင်း ကားဆရာ တစ်ဦးက ဆိုသည်။

“ဖားကန့်လမ်းပိုင်း နန့်တိန်း စစ်ဆေးရေး ဂိတ်မှာ အတက်အဆင်း ကားအားလုံးကို ပိတ်ထားလိုက်တယ်။ အဲ့ဒီတော့ အဆင်းကားတွေ နန့်ယား ဂိတ်မှာ ပိတ်မိနေတယ်။ တိုက်ပွဲဖြစ်တာတော့ မကြားမိဘူး ဘာလို့ပိတ်တာလည်းတော့ မသိဘူး”ဟု ၎င်းကပြောသည်။

ယမန့်နေ့က နန့်တိန်းဂိတ်နှင့် နန့်ယားဂိတ်တို့တွင် ဖားကန့် – မြစ်ကြီးနားပြေးဆွဲနေသည့် ခရီးသွား ကားများကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ပြီး ယနေ့ နံနက်ပိုင်းမှ ပြန်လည် ဖွင့်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း လမ်းပိုင်းပြန်ဖွင့်ခဲ့သော်လည်း လက်ရှိတွင် ဖားကန့်မြို့နယ် ဆိုင်းတောင် ကျေးရွာအုပ်စုအတွင်း ပစ်ခတ်သံများ အဆက်မပြတ် ကြားနေရသဖြင့် ကားလမ်းများ ပြန်ပိတ်နိုင်ကြောင်း ဆိုင်းတောင်ကျေးရွာနေ ပြည်သူ တစ်ဦးက ဆိုသည်။

“ဒီနေ့ မနက် ကားတွေ ပိတ်နေတဲ့ နန့်တိန်း၊ နန့်ယား ဂိတ်တွေ ပြန်ဖွင့်ပေးတယ်၊ ကားတွေလည်း ဖားကန့်ရောက်နေကြပြီ။ ဒါပေမယ့် အခု ဖားကန့် ဆိုင်းတောင်မှာ ပစ်ခတ်သံတွေ ကြားနေရတယ်၊ ဆိုင်းတောင်ဘက် အခုသွားလို့ မရသေးဘူး၊ ကားလမ်းတွေလဲ ပြန်ပိတ်မလား မပြောတတ်ဘူး” ဟု ၎င်းက ဆိုသည်။

ဖားကန့်ဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် ကားလမ်းပိုင်း ယာယီ ပိတ်ထားစဉ် ကာလများ၌ ဖားကန့် မြို့နယ် အတွင်း ကုန်စည်ပြတ်လပ်ခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။