Trending Now

မိုးကြိုးပစ်ခံရ၍ အမျိုးသား သေဆုံးပြီး အမျိုးသမီး ကိုယ်ဝန်ပျက်ကျ

Spread the love

မိုးကြိုးပစ်ခံရ၍ အမျိုးသား သေဆုံးပြီး အမျိုးသမီး ကိုယ်ဝန်ပျက်ကျ

EPN
ကလေး ဧပြီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် တွင် ဧပြီလ ၁၀ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့သည့် မိုးကြိုးပစ်မှုကြောင့် ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းတွင် နေထိုင်သည့် လင်မယားနှစ်ဦး အနက် အမျိုးသားသေဆုံးပြီး အမျိုးသမီး ကိုယ်ဝန်ပျက်ကျ သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်း ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး မှ စုံစမ်း သိရသည်။

မိုးကြိုးပစ်ခြင်းကြောင့် မိုးတားလေးကျေးရွာ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့် အကွာ ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းတွင် နေထိုင်သည့် ဦးအောင်ကိုဝင်း သည် နေရာတွင် သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူဒေါ်ဇင်သွယ်စိုး မှာ ၂ လအရွယ် ကိုယ်ဝန်ပျက်ခဲ့သည်။ ယင်းအပြင် ၎င်းတို့ မွေးမြူထားသည့် တဲအောက်ရှိ နွားနှစ်ကောင်မှာ သေဆုံးခဲ့ပြီး တဲမှာလည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒီနေ့ပဲ ကသာရုံးကို ထောက်ပံ့ငွေ လွှဲပေးလိုက်ပြီ။ပျက်စီးသွားတဲ့နေအိမ် အတွက်ရော သေဆုံးသူ အတွက်ရော ဒဏ်ရာရသူအတွက်ရော ထောက်ပံ့ထားတယ်။အမျိုးသမီး ကတော့ ဆေးရုံ တင်ထားတုန်းပဲ” ဟု စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးမှ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က ပြောသည်။

အခင်း မဖြစ်ပွားမီက မိုးရွာခြင်း မိုးခြိမ်းခြင်း လျှပ်စီးလက် ခြင်းများဖြစ်ပေါ်နေသဖြင့် သေဆုံးသူ သည် နေအိမ်အပြင် ဘက်ရှိ နွားများအား နေအိမ်အောက်သို့ ပြောင်းရွှေ့ကြိုးချည်နေစဉ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံး မှ သေဆုံးသူအတွက် ငွေကျပ်သုံးသိန်း ဒဏ်ရာရသူအတွက် ငွေကျပ် ၅ သောင်း နှင့် ပျက်စီးသွားသည့် နေအိမ်အတွက် ငွေကျပ် ၁သိန်း နှင့် စားနပ်ရိက္ခာပစ္စည်းများ ထောက်ပံ့ထားကြောင်း စုံစမ်း သိရသည်။

ငြိမ်းသူမင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။