Trending Now

ဒွန်ဘုန်းခကျေးရွာအနီးတွင် ကားတစ်စီးအရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မူကြောင့် တစ်ဦး သေဆုံး

Spread the love

ဒွန်ဘုန်းခကျေးရွာအနီးတွင် ကားတစ်စီးအရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မူကြောင့် တစ်ဦး သေဆုံး

EPN
မြစ်ကြီးနား၊ မတ်လ ၁၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဒွန်ဘုန်းခကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက AD VEN ကားတစ်စီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်မူကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း နမ္မတီးလူမူကူညီရေး အသင်းထံမှ သိရသည်။

ဖားကန့်ဘက်မှ မိုးကောင်းဘက်သို့ မတ်လ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်ကအမျိုးသားနှစ်ဦး စီးနှင်းလာခဲ့သော ကားတစ်စီးသည် ဒွန်ဘုန်းခကျေးရွာနှင့် နမ္မတီးကြားရှိ လီဒိုလမ်းမကြီး တစ်နေရာတွင် အရှိန်မထိန်းနိုင်သည့်အတွက် ယာဉ်တိမ်းမှောက်ပြီး ချောက်အတွင်းထိုးကျခဲ့ရာ အမျိုးသားတစ်ဦးမှာ အခင်းဖြစ်ပွား နေရာတွင် သေဆုံးခဲ့ရပြီး ကျန်တစ်ဦးမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း နမ္မတီးလူမူကူညီရေးအသင်းမှ တာဝန်ရှိ သူတစ်ဦးထံမှ သိရသည်။

“ဖြစ်တာ ၁၀ နာရီခွဲလောက်မှာ ဖြစ်တာနေမှာ ကျွန်တော်တို့ကို အကြောင်းကြားလာတာ ၁၁ နာရီလောက်မှာ ဟုတ်တယ်၊ ဖားကန့်ဘက်ကနေ မိုးကောင်းဘက်ကို လာရင်းကနေ ဒွန်ဘုန်းခကျေးရွာနား ရောက်တော့ အရှိန်မထိန်းနိုင်လို့ ချောက်ထဲထိုးကျသွားတာ၊ အမျိုးသားတစ်ဦးကတော့ သေနေတာကို သွားတွေ့ရတယ် တစ်ဦးကတော့ ခေါင်းမှာ ဒဏ်ရာတွေရထားလို့ မိုးကောင်းဆေးရုံကို ပို့ထားတယ် အခြေအနေတော့ အရမ်းမစိုးရိမ်ရဘူးလို့ သိရတယ်၊ သေဆုံးသွားတဲ့တစ်ယောက်ကတော့ မိုးကောင်း အုတ်ကျင်းကလို့ သိရတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါသေဆုံးသူ အမျိုးသားတစ်ဦးသည်အသက် ၂၇ နှစ်ရှိ မိုးကောင်းမြို့နယ် အုတ်ကျင်းကျေးရွာနေသူ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင် ဒွန်ဘုန်းခကျေးရွာနှင့် နမ္မတီးကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာတွင် ခရီးသည်ကားတစ်စီးနှင့် တုန်ဟုန်းကားတစ်စီး မျက်နှာချင်းဆိုင် ယာဉ်တိုက်မူဖြစ်ပွားခဲ့ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။