Trending Now

ခေါင်လန်ဖူးမြို့တွင် မီးလင်းရေးအတွက် အထမ်ချောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

Spread the love

ခေါင်လန်ဖူးမြို့တွင် မီးလင်းရေးအတွက် အထမ်ချောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

EPN
ပူတာအို၊ မတ်လ ၇ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် လျှပ်စစ်မီးလင်းရေးအတွက် မြို့နယ်အတွင်းရှိ အထမ်ချောင်းမှတစ်ဆင့် ရေအားလျှပ်စစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ ယမန်နေ့၊ မတ်လ ၆ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်သည် မြန်မာပြည်မြောက်ဖျားပိုင်းတွင် တည်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအနည်းငယ်နောက်ကျနေခြင်းသည် လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိ ခြင်းသည်လည်း တစ်ချက်အပါအဝင် ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပူတာအိုခရိုင် တစ်ခုလုံး လျှပ်စစ်မီးလုံလောက်စွာ ရရှိရေးအတွက် ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ခေါင်လန်ဖူးဒေသ လျှပ်စစ်မီးလင်းရေးအတွက် အထမ် ချောင်းရေမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်‌ရေး ဒေသခံ လပြည့်ဝန်းကုမ္ပဏီ အနေဖြင့် ကွင်းဆင်းလေ့လာတွေ့ရှိမှုများအပေါ် တင်ပြနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိမိတို့အနေဖြင့် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် အထမ်ချောင်းရေအားလျှပ်စစ်ထုတ်ယူနိုင်ရေးအတွက် ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့မှုများအပေါ် လပြည့်ဝန်းကုမ္ပဏီ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာန၊ တာဝန်ရှိသူတို့က ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ဥပဒေလုပ်ထုံးလုပ်နည်းများ၊ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များကို ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့ကြသည်။

အဆိုပါ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးများက သုံးသပ်ဆွေးနွေးခဲ့ကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်က အထမ်ချောင်း ရေအားလျှပ်စစ် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး နိုင်ငံတော်အကြီးအကဲမှလည်း လိုအပ်သည့် စက်ကိရိယာများကို ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် တင်သွင်းခွင့်ပြုပြီး ဖြစ်သည့်အတွက် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်ပြောကြားခဲ့ကာ လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ကုမ္ပဏီတာဝန်ရှိသူများအကြား ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်း ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အထမ်ချောင်းသည် ခေါင်လန်ဖူးမြို့ အရှေ့ဘက် တစ်မိုင်ခန့် အကွာတွင် တည်ရှိပြီး၊ မြောက်မှတောင်သို့ စီးဆင်းကာ မြို့၏အောက်ဘက်တွင် အချမ်ချောင်းနှင့် ပေါင်းစုံ၍ မေခမြစ်အတွင်း စီးဝင်သော ချောင်းတစ်ခုဖြစ်သည်။

အထမ်ချောင်းမှာ ဒေသတွင်းရှိ မြင့်မားမတ်ဆောက်သော တောင်ကြီးများအကြား ဖြတ်သန်းစီးဆင်းသောကြောင့် ‌အဆိုပါ ချောင်းရေမှ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မည် ဆိုပါက ၃၀၀ ကီလိုဝပ်မှ ၇၀၀ ကီလိုဝပ်အထိ ထွက်ရှိနိုင်ကြောင်းနှင့် ခေါင်လန်ဖူးမြို့၏ မြို့ပေါ် (၄)ရပ်ကွက်အတွက် လုံလောက်သော လျှပ်စစ်မီးရရှိမည်ဖြစ်ကာ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝနှင့် စိုက်ပျိုး‌ရေးလုပ်ငန်းများတွင် ပိုမိုအကျိုးဖြစ်ထွန်းပြီး ဒေသဖွံ့ဖြိုးရေးအတွက်လည်း လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။