Trending Now

ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ ဝန်ထမ်းနှင့်အလုပ်သမားများ နေရပ်ပြန်လိုပါက ညှိနှိုင်း၍ ပြန်ခွင့်ပေးရန် ပြည်နယ်သယံဇာတဝန်ကြီးပြောကြား

Spread the love

ကျောက်မျက်တူးဖော်ရေးကုမ္ပဏီမှ ဝန်ထမ်းနှင့်အလုပ်သမားများ နေရပ်ပြန်လိုပါက ညှိနှိုင်း၍ ပြန်ခွင့်ပေးရန် ပြည်နယ်သယံဇာတဝန်ကြီးပြောကြား

EPN
ဖားကန့်၊ မတ် ၃၀

ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများမှ ဝန်ထမ်းနှင့် အလုပ်သမားများအနေနှင့် နေရပ်ပြန်လိုပါက သက်ဆိုင်ရာကုမ္ပဏီများက ညှိနှိုင်း၍ ပြန်ခွင့်ပေးကြရန် ပြည်နယ်သယံဇာတ ဝန်ကြီး ဦးဒါရှီလဆိုင်းမှ တိုက်တွန်းပြောကြားလိုက်သည်။

ယမန်နေ့က ဖားကန့်ကျောက်စိမ်းမှော်ရှိ ကုမ္ပဏီတစ်ခုမှ လုပ်သားများမှ နေရပ်ပြန်ခွင့်ရရှိရေး ဟစ်အော် တောင်းဆိုမှု တစ်ခုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ တာဝန်ရှိသူများမှ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြရာ အဆင်ပြေခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မျိုး နောက်ထပ် မဖြစ်ပွားစေရေးအတွက် ပြည်နယ်ဝန်ကြီးက အထက်ပါအတိုင်း တိုက်တွန်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

“နေရပ်ပြန်လိုသည့် ကုမ္ပဏီလုပ်သားများအား ထိန်းချုပ်မထားဘဲ အကောင်းဆုံး စီစဉ်ပေးရန် ကုမ္ပဏီများကို ပြောကြားထားကြောင်း” ဝန်ကြီးက ပြောသည်။

နှစ်စဉ်နှစ်တိုင်း ယခုလို ကျောက်တူးရာသီကုန်ဆုံးချိန်ရောက်တိုင်း အလုပ်ရှင်၊ အလုပ်သမား၊ (လုပ်ခလစာ၊ အချိန်ပိုကြေး) ပြဿနာများ ဖြစ်ပွားလေ့ရှိပြီး ယခုအခါတွင် ကုမ္ပဏီဝန်ထမ်း များအနေနှင့် Covid 19 ကူးစက်မြန်ရောဂါအား စိုးရိမ်ကြောင်းကြနေသည့်အတွက် ဆူပူအုံကြွမှု များ ဖြစ်လာနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့ပြီး ယင်းအခြေအနေအား ကြိုတင်ကာကွယ်နိုင်ရန် အတွက် ကုမ္ပဏီများ အနေနှင့် နေရပ်ပြန်လိုသည့် လုပ်သားများကို မတားဆီးဘဲ၊ ညှိနှိုင်း ပြန်ခွင့်ပေးရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း ကချင်ပြည်နယ် သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးဒါရှီလဆိုင်းက EPN သို့ ပြောသည်။

ထို့အပြင် ရေမဆေးကျောက်ရှာဖွေနေကြသူများအနေနှင့်လည်း လူစုလူဝေးများစွာဖြင့် ရှာဖွေနေကြမှုကို ခေတ္တယာယီ ရှောင်ရှားကြရန်နှင့် COVID 19 ကူးစက်မြန်ရောဂါပိုးသည် ကပ်ရောဂါပိုးအလားဖြစ်နေသည့်အတွက် ရောဂါဖြစ်ပွားလာခဲ့ပါက အားလုံးယူကျုံးမရ ဆုံးရှုံးမှုများ ဖြစ်လာနိုင်သည့်အတွက် သက်ဆိုင်ရာဌာနများမှ လမ်းညွှန်ချက်များကို လိုက်နာကြရန် မေတ္တာရပ်ခံ ပြောကြားခဲ့သည်။

ဖားကန့်ဒေသရှိ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအနေနှင့်လည်း COVID19 ကူးစက်မြန်ရောဂါပိုးနှင့် ပတ်သက်၍ ကုမ္ပဏီဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်စားသောက်ရေး မှ အစပြုကာ ဆောင်ရွက်ပေးရေး အစည်းအဝေးပြုလုပ် ဆုံးဖြတ်ချက် ချထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။