Trending Now

မိုးကောင်းမြို့နယ် အဝင်အထွက်နယ်စပ် နှစ်နေရာ၌ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်မည်

Spread the love

မိုးကောင်းမြို့နယ် အဝင်အထွက်နယ်စပ် နှစ်နေရာ၌ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်မည်

EPN
မိုးကောင်း၊ ဧပြီ ၂၅

ကချင်ပြည်နယ်တွင် ပထမဆုံး COVID-19 Positive ပိုးတွေ့ လူနာရှိလာပြီဖြစ်သဖြင့် မိုးကောင်းမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ယနေ့နံနက်ပိုင်းကပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် မြို့နယ်အဝင်အထွက်နယ်စပ် နှစ်နေရာ၌ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ရန် အတည်ပြု‌ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် မိုးကောင်းမြို့ မိုးကောင်းမြို့တော်ခန်းမတွင် ဧပြီ (၂၅)ရက် နံနက်(၁၀)နာရီအချိန်က မိုးကောင်းမြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ အရေးပေါ်အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်များနှင့် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဝင်များ ပြုလုပ်ကြရာ ကော်မတီဝင် အသီးသီးမှ ဆွေးနွေးတင်ပြချက်အရ ကချင်ပြည်နယ်တွင် ပထမဆုံး COVID-19 Positive ပိုးတွေ့ သောလူနာရှိလာပြီဖြစ်သည့်အတွက် မိမိမြို့နယ်အတွင်း မကူးစက်မပြန့်ပွားလာစေရန် မိုးကောင်းမြို့နယ် အဝင်အထွက်နယ်စပ်နှစ်နေရာဖြစ်သော နန်းခွင်ကျေးရွာနှင့် မရမ်းကျေးရွာ နှစ်နေရာတွင် ပူးပေါင်းအဖွဲ့ဖြင့် ကိုယ်ပိုင်ယာဥ်နှင့် ခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည်များအားကိုယ်အပူချိန်တိုင်းတာခြင်းနှင့်ကျန်းမာရေးစစ်ဆေးခြင်းကိုဆောင်ရွက်သွားမည်ဖြစ်သည်။

“အဓိကကတော့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ သွားလာနေတဲ့ယာဉ်တွေကို စစ်ဆေးမှာဖြစ်ပြီး ပိုစိတ်ချရအောင် မီးရထားဘူတာရုံမှာလည်း စစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု COVID-19ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းကဆိုသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်မကြီး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်မှ ပထမဆုံး COVID-19 Positive ပိုးတွေ့ လူနာမှာမိုးညှင်းမြို့နယ်မှ အသက် ၂၄ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်း၏သလိပ်နမူနာအား အမျိုးသားဓါတ်ခွဲဌာနသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ဧပြီလ (၂၄) ရက် ည ၁၁ နာရီက ထုတ်ပြန်ချက်တွင် COVID-19 Positive ဖြစ်ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။