Trending Now

စက်သုံးဆီဈေး မြင့်တက်နေသောကြောင့် မြစ်ကြီးနား-မန္တလေး မီးရထား ခရီးစဉ် အမြန်ဆုံး ပြေးဆွဲပေးရန် ပြည်သူများလိုလား

Spread the love

စက်သုံးဆီဈေး မြင့်တက်နေသောကြောင့် မြစ်ကြီးနား-မန္တလေး မီးရထား ခရီးစဉ် အမြန်ဆုံး ပြေးဆွဲပေးရန် ပြည်သူများလိုလား

EPN
ပြည်သူ့အသံ
မြစ်ကြီးနား၊ မတ်၅

စက်သုံးဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကြောင့် ပြည်သူအများ ခရီးသွားလာမှု စရိတ်သက်သာစေရန်နှင့် ကုန်ဈေးနှုန်း အနည်းငယ် ကျဆင်းစေရန် မြစ်ကြီးနား-မန္တလေး မီးရထား ခရီးစဉ်အား အမြန်ဆုံး ပြေးဆွဲပေးရန် ပြည်သူများလိုလားနေကြသည်။

တစ်နေ့ထက်တစ်နေ့ တိုး၍ တက်နေသည့် ကုန်ဈေးနှုန်းများနှင့် ယခင်ထက်အဆမတန် တက်နေသော စက်သုံးဆီဈေးများကြောင့် မြန်မာ့မီးရထားခရီးစဉ်များ အမြန်ဆုံးပြေးဆွဲ ပေးစေလိုသည်ဟု မြို့ခံ ခရီးသွား ပြည်သူတစ်ဦးက ဆိုသည်။

“ပွင့်လင်းရာသီလဲ ရောက်ရှိနေပြီ ခရီးသွားများလာတဲ့ ရာသီလည်းဖြစ်တယ် အခုချိန်မှာ ကုန်ဈေးတွေ အဆမတန်မြင့်တက်နေတာ အားလုံးသိတယ် အခုဆို စက်သုံးဆီရောပဲ အဲဒါကြောင့် အစိုးရအနေနဲ့ မဖြစ်မနေ မြန်မာ့မီးရထားကို ပြန်ပြေးဆွဲပေးဖိုလိုအပ်နေတယ်။ မြန်မာ့မီးရထားပြန်ပြေးဆွဲပေးရင် ကုန်စည်ဈေးနှုန်း၊ ခရီးစရိတ် သက်သာလာမယ် အများကြီးမဟုတ်ရင်တောင် အနည်းငယ် သက်သာမှာပါ”ဟု မြို့ခံတစ်ဦးက ဆိုသည်။

နိုင်ငံရေးအလှည့်အပြောင်းကို လက်မခံနိုင်သည့် မြန်မာ့မီးရထားဝန်ထမ်းများ အနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းကတည်း စတင်ပြီး CDM ပြုလုပ်ခဲ့မှုကြောင့်သော်လည်းကောင်း ရထားလမ်းပိုင်းများ၌ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှုကြောင့်သော်လည်းကောင်း မြစ်ကြီးနား-မန္တလေးခရီးစဉ် ပြေးဆွဲပေးနေသည့် မြန်မာ့ မီးရထားအား ရပ်နားခဲ့သည်မှာ တစ်နှစ်ကျော်ခန့် ရှိနေပြီ ဖြစ်သည်။

စက်သုံးဆီဈေးမြင့်တက်လာသဖြင့် ကားနှင့် သယ်ယူရသည့် ကုန်စည် တန်ဆာခမှာလည်း ပိုမို ကုန်ကျကြောင်းနှင့် မီးရထားခရီးစဉ် အမြန်ဆုံး ပြေးဆွဲပေးစေလိုကြောင်း မြို့ခံ ကုန်သည်တစ်ဦးက ဆိုသည်။

“ကျမတို့လဲ ဈေးတက် မရောင်းချင်ပါဘူး၊ ဝယ်ဈေးက များတဲ့အပြင် တန်ဆာခပါ ပိုပြီးကုန်ကျတော့ ပြန်တင်ရောင်းတဲ့ဈေးလဲ များလာတာပေါ့နော်၊ မီးရထားပြန်ပြေးဆွဲရင်တော့ တော်တော်လေး အဆင်ပြေသွားမယ်” ဟု ၎င်းက ပြောပြသည်။

CDM လုပ်သည့် မြစ်ကြီးနားရှိ မြန်မာ့မီးရထား ဝန်ထမ်းများ သက်ဆိုင်ဌာနများက Non-CDM ပြန်လည်လုပ်ဆောင်ကြရန် အချိန် အကန့်သတ်ဖြင့် စောင့်ဆိုင်းခဲ့ရာ အချို့ ပြန်လည်ဝင်ရောက်ခဲ့‌သော်လည်း အချို့မှာ CDM ဆက်လုပ်နေသဖြင့် မြန်မာ့ မီးရထား ဝန်ထမ်းအိမ်ယာမှ ဖယ်ရှာခံခဲ့ရသည့် ဝန်ထမ်းများရှိခဲ့သည်။

လက်ရှိနိုင်ငံရေး အခြေအနေအရ ကချင်ပြည်နယ်အတွင်း စားသောက်ကုန်များအား တရုတ် – မြန်မာ ချစ်ကြည်ရေး နယ်စပ် ကုန်သွယ်ရေး စခန်းများဖြစ်သည့် ကံပိုင်တည်၊ လွယ်ဂျယ်ဂိတ်များကိုသာ အားထားနေရသော်လည်း ကိုဗစ် ၁၉ ရောဂါအခြေအနေ များကြောင့် တရုတ်အစိုးရဘက်မှ ငှက်ပျောကားများကိုသာ လက်ခံပြီး မြန်မာဘက်သို့ အိမ်ဆောက်ပရိဘောဂများကိုသာ ပြန်လည် တင်ပို့နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် ကချင်ပြည်နယ် အတွင်းနေထိုင်သည့် တိုင်းရင်းသားပြည်သူများ အနေဖြင့် အကြပ်အတည်းများစွာနှင့် ရင်ဆိုင်တွေ့ကြုံနေရကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“နိုင်ငံရေးကြောင့် ဒီလိုဖြစ်နေတာ တစ်နှစ်ကျော်ပြီလေ ပြည်သူတွေ ဒုက္ခအများကြီးခံခဲ့ပြီးပြီ အစိုးရအနေနဲ့ မြန်မာ့မီးရထားကို နေ့စဉ် မပြေးဆွဲနိုင်ရင်တောင် တစ်ပတ်ကို ၃ရက်တော့ ပြေးဆွဲသင့်တယ် ဒါမှ ကုန်စည်ဈေးသက်သာမယ် ခရီးစရိတ်သက်သာမယ် အဲ့လိုမှမဟုတ်ပဲ ဒီအတိုင်းသာ ဆက်သွားနေရင် ကြားထဲက ပြည်သူတွေရဲ့ဘဝက အကြပ်အတည်းကြားမှာနေရုံပဲ သူခိုး ဓါးပြပိုများလာမယ်” ဟု ၎င်းကသုံးသပ် ပြောဆိုသည်။

ယခင်ကာလများက နေ့စဉ် အစုန်၊ အဆန်၊ အထူး၊ အမြန်၊ စာပို့၊ ကုန်တွဲများ နေ့စဉ်ပြေးဆွဲခဲ့သည့် မြစ်ကြီးနား-မန္တလေး မြန်မာ့မီးရထား ခရီးစဉ် ရပ်နားထားသည်မှာ တစ်နှစ်ကာလ ကျော်လွန်ခဲ့ပြီဖြစ်ပြီး ပြန်လည် ပြေးဆွဲအချိန်ကာလ အား မြန်မာ့မီးရထားတိုင်းရုံး (၁) သို့ EPN သတင်းဌာနက ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲ ဖြစ်သည်။

လက်ရှိ တစ်နေ့ထက်တစ်နေ့ တိုး၍ တက်နေသည့် ကုန်ဈေးနှုန်းများနှင့် ယခင်ထက်အဆမတန် တက်နေသော စက်သုံးဆီဈေးများကြောင့် မြန်မာ့မီးရထားခရီးစဉ်များ အမြန်ဆုံးပြေးဆွဲ‌ရန် မြစ်ကြီးနား ပြည်သူများ မျှော်လင့်နေကြခြင်း ဖြစ်သည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။