Trending Now

စားအုန်းဆီ‌ဈေး အဆမတန် မြင့်တက်မှုကြောင့် ဆီကိုအဓိကအသုံးပြုလုပ်ကိုင်ရသော လုပ်ငန်းရှင်များ အခက်အခဲများစွာကြုံနေရ

Spread the love

စားအုန်းဆီ‌ဈေး အဆမတန် မြင့်တက်မှုကြောင့် ဆီကိုအဓိကအသုံးပြုလုပ်ကိုင်ရသော လုပ်ငန်းရှင်များ အခက်အခဲများစွာကြုံနေရ

EPN
ပုသိမ်၊ မတ်လ ၁၄

ဧရာဝတီတိုင်းဒေသကြီးတွင် စားအုန်းဆီစျေး ဆက်တိုက်မြင့်တက်မှုနှင့် ဆီလိုချင်တိုင်းဝယ်မရသည့် အခြေအနေများကြောင့် ဆီကို အဓိက အသုံးပြုလုပ်ကိုင်ရသည့် ပဲကြော်ဖို၊ မုန့်လုပ်ငန်းများ အခက်အခဲကြုံနေရ
ကြောင်း လုပ်ငန်းရှင်များပြောသည်။

“ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်က စကာ စားအုန်းဆီစျေး ဆက်တက်မြင့်တက်သလို စျေးအတက်ကြမ်း တာတွေကြောင့် တချို့မုန့်လုပ်ငန်းရှင်တွေနဲ့ ပဲကြော်ဖိုလုပ်ငန်းရှင်တွေက ရပ်နားနေရတာပါ။ စားအုန်းဆီစျေးဟာ တစ်ရက်နဲ့တစ်ရက် စျေးကွာခြားမှုရှိပြီး တကယ်လိုအပ်တဲ့အချိန်မှာ ဝယ်မရတာတွေ၊ ဈေးနှုန်းအတက်ကြမ်းတာတွေက လုပ်ငန်းရှင်တွေအတွက် အခက်အခဲဖြစ်စေပါတယ်”ဟု ပုသိမ်မြို့ရှိ ဇော်မြန်မာ ပဲကြော်ဖိုလုပ်ငန်းရှင် ဦးဇော်မြင့်က ပြောပြသည်။

ပုသိမ်မြို့တွင် စားအုန်းဆီ တစ်ပိသာလျှင်ငွေကျပ် ၈၅၀၀ မှ ၉၀၀၀ အထိမြင့်တက်နေပြီးဆီကိုလည်းလိုသလောက် ဝယ်ယူ၍ မရသည်အထိဖြစ်နေကြောင်း၊ စားအုန်းဆီဈေး ပြန်လည်ကျဆင်းဖို့ရာအတွက်ဆီကုန်သည်လုပ်ငန်းရှင် ကုမ္ပဏီများနှင့် အစိုးရမှပူးပေါင်းကြပ်မတ်ဆောင်ရွက်စေလိုကြောင်း ယင်းလုပ်ငန်းရှင်များက ဆိုသည်။

“ဆီစျေးအပြင် တခြားကုန်ကြမ်းစျေးတွေကလည်း မြင့်တက်နေတဲ့အတွက် ယာယီရပ်နားရတော့မယ့် အခြေအနေဖြစ်နေတယ်။ ဘဝမှာကျွန်တော်တို့ တစ်သက် လက်ရှိ အသက် ၆၅ ကျော်နေပြီ စားအုန်းဆီဈေးမြင့်တက်နေတာဟာပထမဆုံးဖြစ်ပါတယ်။ဒီလောက်တက်နေတဲ့ဆီဈေးပြန်လည်ကျဆင်းဖို့ရာအတွက် ဆီကုန်သည်တွေ ဆီလုပ်ငန်းရှင်ကုမ္ပဏီများနှင့်အစိုးရတို့က ပူးပေါင်းကြပ်မတ်ဆောင်ရွက်စေလိုတယ်။”ဟုပုသိမ်မြို့ရှိ အာလူးကြော်ထုတ်လုပ်ရေးလုပ်ငန်းမှ ဦးလှရွှေက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ရက်နှင့်တစ်ရက်အဆမတန် မြင့်တက်နေသော စားအုန်းဆီဈေးများပုံမှန် ကျဆင်းသွားမှသာ လုပ်ငန်းများပြန်လည်လည်ပတ်နိုင် မည်ဖြစ်သည့်အတွက် ဆီဈေးအကျကိုသာ မျှော်လင့်လျက်ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။