Trending Now

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ နေအိမ်ဂရန်ပိုင်ဆိုင်မှု ပြဿနာ ဖြေရှင်းပေးရန် ဝန်ကြီးချုပ်ထံ တင်ပြ ထားသော်လည်း တရားမျှတစွာ ဆောင်ရွက်ပေးခြင်းမရှိသေး

Spread the love

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ နေအိမ်ဂရန်ပိုင်ဆိုင်မှု ပြဿနာ ဖြေရှင်းပေးရန် ဝန်ကြီးချုပ်ထံ တင်ပြ ထားသော်လည်း တရားမျှတစွာ ဆောင်ရွက်ပေးခြင်းမရှိသေး

EPN
မြစ်ကြီးနား၊ ဇွန် ၃

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက်ရှိ အိမ်ဂရန်မြေကို ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မှားယွင်းစွာ ချပေးခဲ့မှုကို ကျေနပ်မှုမရှိဟုဆိုကာ တရားမျှတစွာ ပြန်လည်ဖြေရှင်းပေးရန် နောက်ဆုံး တိုင်ကြားစာ ကို မတ် ၅ ရက်နေ့က ကချင်ပြည်နယ် ဝန်ကြီး ချုပ်ထံတင်ပြ တောင်းဆိုခဲ့ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ နှစ်ကြိမ်တိုင်တိုင် ခေါ်ယူ တွေ့ဆုံ ညှိနှိုင်းပေးခဲ့သော်လည်း ယနေ့အချိန်ထိ တရားမျှတစွာ ဆောင်ရွက်ပေးခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ယုဇနရပ်ကွက် အိမ်အမှတ် (၁၆က/၅) ဦးပိုင်အမှတ် (ဂ/က) သည် ဂရန်သက်တမ်း ကုန်ဆုံးသွားသည့်အတွက် ဂရန်လျှောက်ထားမှုကို မြစ်ကြီးနားခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ဂရန်သက်တမ်းတိုးချမှတ်ပေးမှုတွင် မူလဂရန်မြေ ဝ.၂၇၈ ဧကကို ဝ.၂၄၃ ဧကအဖြစ် မှားယွင်းစွာ မြေ ဂရန် ချမှတ်ပေးခြင်းကို ကျေနပ်မှုမရှိသည့်အတွက် ပြန်လည်စိစစ်၍ တရားမျှတစွာ ဆောင်ရွက်ပေးရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်ထံ မတ် ၅ ရက်နေ့က တင်ပြခဲ့ခြင်းဖြစ်သည်။

“ နှစ်ကြိမ်ရှိပြီခေါ်ပြီးဆွေးနွေးတာ။ ဒါပေမယ့် အဲဒီထဲမှာ အဲဒီမြေက အစိုးရပိုင်မြေဖြစ်တယ်လို့ပြော ခရိုင်အုပ်ချုပ်ရေးမှူးက ပြောတယ်။ အစိုးရပိုင်မြေဖြစ်လို့ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိတယ်လို့ ပြော တယ်။ ဒါကြောင့် အဲဒီစီမံခန့်ခွဲတဲ့မြေအတွက် ကာလပေါက်ဈေးအတိုင်း တစ်ယောက်တစ်ဝက်ဆီ ငွေပြန်သွင်းရမယ်လို့ ပြောပါတယ်။ ဒီလိုဆိုရင် ကျမတို့က မြေလည်းရှူံး၊ ငွေလည်းရှုံး၊ နှစ်ခါရှူံးဖြစ်နေတယ်။

အဲတော့ ကျမတို့က ပြန်ပြောတာက လိုချင်တာက အစိုးရပိုင်မြေ မဟုတ်ဘူး။ အစိုးရပိုင်မြေဆို ပေး စရာလည်း မလိုဘူး။ နဂိုရှိတဲ့ ဂရန်ထဲက လျှော့နည်းသွားတဲ့ မြေနေရာကို ပဲလိုချင်တယ်လို့ ပြောလိုက်တယ်။

နောက်ပြီး ခရိုင်မှူးက ဒီမြေဂရန် မချပေးခင်မှာ ဒေါ်ရွယ်ဂျီးက သဘောတူလို့ ဒီဂရန်ကို ချပေးတာလို့ ပြောတယ်။ ဒါက လုံးဝ မှားယွင်းတဲ အချက်ပေါ့။ ပြီးတော့ ဒီမြေဂရန်ချပေးဖို့ အမှုတွဲတည်ဆောက်တဲ့နေရာမှာလည်း ကျမရဲ့ လက်မှတ်နဲ့ လက်ဗွေကလည်း အတုဖြစ်နေတယ်။
အဲဒီတွေ့ဆုံပွဲမှာ ကျမရဲ့ လက်မှတ်အတုနဲ့ လက်ဗွေအတုကို ဓာတ်ပုံရိုက်ခွင့်တောင် မပေးခဲ့ဘူး ” ဟု မြေပိုင်ရှင် ဒေါ်ရွယ်ဂျီး ကပြောသည်။

အဆိုပါ တင်ပြထားပြီး မေလ ၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၌ တစ်ကြိမ်၊ မေ ၂၉ ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူးရုံး၌ တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည့်အခါ အဆိုပါ မှားယွင်းမှု သည် ယခင်အစိုးရလက်ထက် ဆောင်ရွက်ခဲ့သည့် ကိစ္စဖြစ်သည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးက အကြောင်းပြချက် ပေးခဲ့သည်မှအပ တခြား သိကျသော ဖြေရှင်းချက်မပေးနိုင်ခဲ့ကြောင်း ဆိုသည်။

ယခင်က ဦးအောင်လီ ဂရန်အမည်ပေါက်မြေကို ဒေါ်ရွယ်ဂျီးက အပြီးအပိုင်ဝယ်ယူခဲ့ပြီး ဂရန်သက်တမ်း ကုန်ဆုံး၍ ဂရန်သက်တမ်းတိုး ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ဂရန် အမှုတွဲအမှတ် ၄၅၀/v (၂၀၁၅-၂၀၁၆) အရ ဒေါ်ရွယ်ဂျီးအမည်ဖြင့် ရရှိခဲ့ကြောင်း၊ ယင်းရရှိခဲ့သည့် မြေဂရန်တွင် မူလမြေဧရိယာ ဝ.၂၇၈ ဧကမဟုတ်ဘဲ ဝ.၂၄၃ ဧကသာဖြစ်နေကြောင်း ယင်းတိုင်တန်း စာအရ သိရ သည်။

“ ဒီအမှုဖြစ်စဉ်က ရိုးရိုးလေးပဲ။ သူတို့က မှန်မှန်ကန်ကန်နဲ့ မလုပ်ခဲ့လို့ အခုလို ကြန့်ကြာနေတာ။ မှန်မှ န် ကန်ကန်နဲ့ လုပ်ခဲ့မယ်ဆိုရင် ဒီလိုရှင်းလို့မရနိုင်စရာ အကြောင်းမရှိဘူးလို့မြင်တယ်။ နောက်ပြီး အစိုးရအနေနဲ့ ကောင်းကောင်းမွန်မွန်လုပ်ပေးခဲ့ရင် ဒီနောက် နှစ်နှစ်တောင် ကြာစရာမလိုဘူး။ ဒီကိစ္စကို အရင်ကလည်း တိုင်ကြားခဲ့ပြီးပြီ။ အခုအချိန်ထိ မျှမျှတတ မလုပ်ပေးခဲ့ဘူး။ အခုလည်း ခေါ်ပြီး ဆွေးနွေးတော့လည်း တိကျတဲ့ ဖြေရှင်းချက်မပေးနိုင်ဘူး။ ဒီလိုတွေဖြစ်နေတာဟာ ပြည်သူ တွေရဲ့ နှစ်နာဆုံးရှုံးမှုတွေကို အရေးတ ယူဆောင်ရွက်ပေးမှု မရှိဘူးလို့မြင်တယ်။ ဒါကြောင့် ဒီကိစ္စကို တရားမျှတစွာနဲ့ မြန်မြန်ဖြေရှင်း ဆောင်ရွက်ပေးစေချင်တယ် ” ဟု ဒေါ်ရွယ်ဂျီး၏ ခင်ပွန်းဖြစ်သူ၊ ဘုရား ဒကာ၊ ကျောင်းဒကာလည်းဖြစ်သူ ဦးလောစန်းက ပြောသည်။

ထို့အပြင် လက်ရှိမှာ ဒေါ်ရွယ်ဂျီးတို့ ပိုင်ဆိုင်ထားသည့် နေရာအနီးကပ်လျက် အုတ်တံတိုင်းခတ်ရာမှာ ဘေးပတ်ဝန်းကျင်ရဲ့ ထောက်ခံချက်ကို ရယူပြီးမှသာ ဆောင်ရွက်ရမည်ဟု ဥပဒေအရ ဖေါ်ပြထား သော်လည်း ၎င်းတို့ကို အသိပေးအကြောင်းကြား ထားခြင်းမရှိခဲ့ကြောင်း၊ ထို့အပြင် မူလမြေဧရိယာ ဝ.၂၇၈ ဧကမှ ဝ.၂၄၃ ဧကဟု ချပေးခဲ့မှုကြောင့် လျှော့နည်းသွားသည့် ဝ.၀၃၅ ဧက သည် မည်သည့် နေရာမှာ လျှော့နည်းသွားကြောင်းကိုလည်း ရှင်းပြပေးခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။

“ အဲဒီ လျှော့ပြီးချပေးတဲ့ မြေကွက်တွေကို ရရှိအောင်ပြန်လုပ်ပေးဖို့ အရင်နှစ်တွေကလည်း တင်ပြခဲ့ ပြီးပြီ။ ဒါတောင် ဒီလောက်အထိ ကြာနေတာ ဘာဖြစ်လို့လဲပေါ့။ ပြောချင်တာက မမှန်မကန်နဲ့ သူများ မြေနေရာကို လုယူတာလည်းမဟုတ်ဘူး။ ကိုယ့်မြေနေရာကို ပြန်တောင်းတာတောင် မရဘူးဆိုတော့ ဘယ်လိုပြောရမလဲ။ ပြည်သူက တင်ထားတဲ့ အစိုးရဆိုတာ ပြည်သူတွေက တင်ပြလာတဲ့ကိစ္စမှန်သမျှ လူ၊ ပုဂ္ဂိုလ် အဆင့်အတန်းမကြည့်ဘဲ ဆောင်ရွက်ပေးသင့်တယ်။ ဌာနဆိုင်ရာတွေ ကလည်း ဥပဒေနဲ့ မညီဘဲ ဆောင်ရွက်ခဲ့တာ ရှိခဲ့တယ် ဆိုရင် အထက်လူကြီးတွေက ဒါကိုလည်း စုံစမ်းဖေါ်ထုတ်ပြီး အရေးယူရမယ်။ တကယ်လို့ ဒီကိစ္စကို ပြည်နယ်အစိုးရက ဖြေရှင်းပေးတဲ့ နေရာမှာ တရားမျှတမှုမရှိခဲ့ ဘူးဆိုရင် အထက် အဆင့်ဆင့် ကို တင်ပြသွားမယ်” ဟု မြေပိုင်ရှင် ဦးလောစန်း က ဆက်လက် ပြောကြားသည်။

အဆိုပါ မူလဝယ်ယူခဲ့သည့် ဦးအောင်လီလက်ထက်တွင် မြေဧရိယာ ဝ.၂၇၈ ဧကဖြစ်ပြီး ဒေါ်ရွယ်ဂျီး လက်ထက်ရောက်သည့်အခါ ဝ.၂၄၃ ဧကဖြစ်လာသည့်အတွက် ယင်းမြေဧရိယာ အမှုတွဲပြင်ဆင်သည် ကို ကာယကံရှင် ဒေါ်ရွယ်ဂျီးမသိရှိရဘဲ ၎င်း၏ လက်မှတ်အတု၊ လက်ဗွေအတုဖြင့် ဝ.၂၄၃ ဧကသို့ လုပ်ဆောင်သွား သည့် ပုဂ္ဂိုလ်ကို စိစစ်ဖေါ်ထုတ်အရေးယူပေးရန်နှင့် နစ်နာဆုံးရှုံးသွားသည့် မြေများကို ပြန်လည်ရရှိ အောင်ဆောင်ရွက်ပေးရန် ဝန်ကြီးချုပ်ထံ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နစ်နာဆုံးရှုံးသွားသည့် မြေကို ပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ၂.၁၀.၂၀၁၇ ရက်စွဲပါ အဆိုပါ နစ်နာဆုံးရှုံးသွားသည့် မြေကို ပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးနိုင်ပါရန် မြစ်ကြီးနားမြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ၂.၁၀.၂၀၁၇ ရက်စွဲပါ စာဖြင့်လည်းကောင်း၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး၊ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဝန်ကြီးချုပ်ထံသို့ ၆.၁၀.၂၀၁၈ ရက်စွဲပါ စာဖြင့်လည်းကောင်း အသီးသီးတင်ပြ ထားရှိသည့်အပြင် ဗမာနှင့် လီဆူတိုင်း ရင်းသားရေးရာဝန်ကြီးတို့မှ ယင်းကိစ္စအပေါ် စိစစ်တွေ့ရှိချက်များလည်း ဝန်ကြီးချုပ်ထံ တင်ပြထားရှိပြီး ဖြစ်သော်လည်း ယခုအချိန်အထိ အလေးထား ဆောင်ရွက်ပေးခြင်းမရှိကြောင်း မြေပိုင်ရှင် ဒေါ်ရွယ်ဂျီး က ပြောသည်။

အဆိုပါ မြေနေရာကို ၁၉၈၉ ခုနှစ်မှ ၁၉၉၀ အထိ ဦးဘင်ဘီလာရမ်နှင့် ဦးမော်တူးနော်တို့မှ လည်း ကောင်း၊ ၂၀၀၇မှ ၂၀၀၈ ခုနှစ်တွင် ဦးအောင်လီမှလည်းကောင်း ဦးပိုင်အမှတ် (ဂ/က) တို့ဖြင့် ပိုင်ဆိုင် ခဲ့ရစဉ်တွင် မြေဧရိယာ ဝ.၂၇၈ ဧကရှိခဲ့ပြီး ယခု ဒေါ်ရွယ်ဂျီး လက်ထက်တွင် မြေဧရိယာ ဝ.၂၄၃ ဧက သာဖြစ်ခဲ့ကြောင်း သိရသည်။

ရာဇာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။