Trending Now

မိုးညှင်းမြို့ပေါ် ရပ်ကွက်အတွင်း အမျိုးသား တစ်ဦးကို သေနတ်သမားများက မသေမချင်း ပစ်ခတ်သတ်ဖြတ်

Spread the love

မိုးညှင်းမြို့ပေါ် ရပ်ကွက်အတွင်း အမျိုးသား တစ်ဦးကို သေနတ်သမားများက မသေမချင်း ပစ်ခတ်သတ်ဖြတ်

EPN
မိုးညှင်း၊ စက်တင်ဘာ ၅ (၂၀၂၃)

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အရှေ့စု ရပ်ကွက်အတွင်း ယမန်နေ့ ညနေပိုင်းက ဆိုင်ကယ်စီးလာသည့် အမျိုးသား တစ်ဦးကို သေနတ်သမား (၂) ဦးက မသေမချင်း ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၊ အရှေ့စု ရပ်ကွက်တွင် စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်က ဓါတ်ပုံ၊ ဗီဒီယို ရိုက်ကူးရေး လုပ်ငန်း လုပ်ကိုင်သူအသက် ၅၀ခန့် အရွယ် ဦးသန်းထွန်းအောင် ဆိုသူ သည် ၎င်း၏ အမျိုးသမီး နှင့် အတူ ဆိုင်ကယ်စီးလာစဉ် ဆိုင်ကယ်စီးလာသည့် သေနတ်သမား (၂) ဦးက ဦးသန်းထွန်းအောင်ကို သေနတ်ဖြင့် မသေမချင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည်ဟု ၎င်း၏ မိတ်ဆွေအချို့ထံက သိရသည်။

“သူက သူ့အမျိုးသမီးနဲ့ အတူ‌ ဈေးဝယ်ပြီး ပြန်လာတဲ့ အချိန် အပစ်ခံရတာ သိရတယ်၊ သူကိုပဲ သေနတ်နဲ့ အနီးကပ် မသေမချင်း ပစ်သွားတာလို့ ကြားတယ်၊ ကျနော်တို့ ဆေးရုံကို ရောက်တော့ သူအသက်မရှိတော့ဘူး၊ ညာနားထင်မှာ တစ်ချက်တွေ့တယ်၊ ဘယ်နံကြားမှာ တစ်ချက်နဲ့ ညာလက်ဖျံမှာ တစ်ချက် သေနတ် ဒဏ်ရာ သုံးချက်တွေ့ရတယ်၊ အပစ်ခံရတဲ့နေရာပဲ သေဆုံးသွားတာ ဖြစ်မယ်၊ စိတ်မကောင်းစရာပါပဲဗျာ”ဟု ၎င်း၏ မိတ်ဆွေ တစ်ဦး က ပြောပြသည်။

ယင်းကဲ့သို့ မြို့ပေါ်ရပ်ကွက် အတွင်း လူတစ်ဦးကို အကြမ်းဖက် ပစ်ခတ် လုပ်ကြံ သတ်ဖြတ်မှုသည် ထိတ်လန့်ကြောက်ရွံ့ဖွယ်ဖြစ်ကြောင်း မြို့ခံ တစ်ဦး ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။

“ညနေငါးနာရီခွဲဆိုတဲ့ အချိန်က ဒီလမ်းမှာ လူမပြတ်သေးဘူး၊ ဘာကြောင့် သတ်တယ် ဆိုတဲ့ အကြောင်းအရင်းကို မသိပေမယ့်၊ သတ်တဲ့ သူတွေက တော်တော် အတင့်ရဲကြတယ်၊ မြို့ပေါ်ရပ်ကွက်မှာ လူတစ်ဦးကို ကြက်ကလေး ငှက်ကလေး သတ်သလို သတ်သွားတာက တော်တော်ကို ထိတ်လန့်စရာပဲဗျာ။” ဟု မြို့ခံ တစ်ဦးက သုံးသပ် ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများမှ စုံစမ်းစစ်ဆေးနေပြီး လူတစ်ဦးအား သေဆုံးသည်အထိ လုပ်ကြံ သတ်ဖြတ်သွားသည့် ယင်း သေနတ်သမားများကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း – ပိုင်ကြီး
ဓါတ်ပုံ – အခင်းဖြစ်ပွားသည့် နေရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။