Trending Now

ကချင်ပြည်နယ် အတွင်းရှိ အိမ်၊ ခြံ၊ မြေ စျေးကွက် ဝယ်လိုအားထက် ရောင်းလိုအား ပိုများဟုဆို

Spread the love

ကချင်ပြည်နယ် အတွင်းရှိ အိမ်၊ ခြံ၊ မြေ စျေးကွက် ဝယ်လိုအားထက် ရောင်းလိုအား ပိုများဟုဆို

EPN
မြစ်ကြီးနား၊ အောက်တိုဘာ ၁၂ (၂၀၂၃)

ကချင်ပြည်နယ် အတွင်းရှိ အိမ်၊ ခြံ၊ မြေ စျေးကွက်မှာ ယခုလပိုင်းအတွင်း ဝယ်လိုအားထက် ရောင်းလိုအား ပိုများ နေကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း (ကချင်ပြည်နယ်) မှ သိရသည်။

နိုင်ငံရေး မတည်ငြိမ်မှုများကြောင့်ဖြစ်ပေါ်လာသည့် ကုန်စျေးနှုန်းမြင့်မားလာမှုများ၊ ငွေကြေးဖောင်းပွလာမှု များကြောင့် ကချင်ပြည်နယ် အတွင်းရှိ မြို့ပေါ်များနှင့် မြို့နှင့် အနီးဝန်းကျင်မှ အိမ်၊ ခြံ၊ မြေ ပိုင်ရှင်များက ရောင်းချခြင်း ပြုလုပ်လာကြသော်လည်း ဝယ်လိုသူ ယခင်ထက် အနည်းငယ်လျော့နည်းမှုများဖြင့် ကြုံတွေ့နေရကြောင်း ကချင်ပြည်နယ်အတွင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း ဆောင်ရွက်နေသူ တစ်ဦးက ပြောပြသည်။

“အခု လက်ရှိမှာက ငွေကြေးတန်ဖိုးတွေ ကျဆင်းလာတယ်၊ နေ့စဉ်စားသုံးစရိတ် အသုံးစရိတ်တွေက လည်းမြင့်လာတယ်၊ အဲ့ဒီလိုတွေကုန်စျေးနှုန်းမြင့်လာတော့ ခြံ၊ မြေ ပိုင်ရှင်တွေက မြေတွေကို ထုတ်ရောင်းလာကြတယ်၊ အခုလပိုင်းအတွင်းမှာတော့ မြေရောင်းလိုတဲ့ ရောင်းလိုအားက များလာပေမယ့်၊ မြေဝယ်မယ့် ငွေရှင် တစ်နည်းအားဖြင့် ဝယ်လိုအားက ကျဆင်းလာတာကိုလဲ တွေ့မြင်လာရတယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်လာစျေး၊ ရွှေစျေးများ မြင့်တက်ချိန်များက ကချင်ပြည်နယ်အတွင်း
အိမ်၊ ခြံ၊ မြေ စျေးကွက်မှာ ပုံမှန်အတိုင်း လည်ပတ်နေသော်လည်း ယခုချိန် ရွှေစျေး ဒေါ်လာစျေးမှာ စျေးတန်းတစ်ခုတွင် ငြိမ်နေသည့် အခြေအနေကြောင့် ဝယ်လိုအား နည်းလာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအသင်း (ကချင်ပြည်နယ် )မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“အခုက ဒေါ်လာစျေး ရွှေစျေးတွေက ပုံမှန်ထက် အတက်ဘက်မှာ စျေးတန်းတစ်ခုအနေနဲ့ ငြိမ်နေတယ်၊ မြေဝယ် စုဆောင်းသူ မြေကစားသူတွေက ရွှေတို့ ဒေါ်လာတို့ ဘက်မှ ရင်းနှီးလုပ်ကိုင်လာတော့ မြေဝယ်လိုအားတွေ လျော့နည်းလာရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း အိမ်၊ ခြံ၊ မြေ‌ ဈေးကွက်အရ ဝယ်လိုအား လျော့သွားသည်ဟု ဆိုနေသော်လည်း အိမ်၊ ခြံ၊ မြေ‌ ဈေးအနေဖြင့် မြင့်တက်နေဆဲ ဖြစ်ကြောင်း၊ အထူးသဖြင့် မြစ်ကြီးနားမြို့နယ်အတွင်း ဈေးမြင့်နေဆဲ ဖြစ်ကြောင်း အကျိုးဆောင်များ၏ ပြောပြချက်အရ သိရသည်။

“ဝယ်လိုအား နည်းလာတယ်လို့ပဲ ပြောတာပါ၊ မြေဈေးခြံဈေးတွေ ကျတယ်လို့ ပြောတာမဟုတ်ဘူး၊ ဈေးတွေ ကတော့ မြင့်နေဆဲပါပဲ၊ ဈေးကောင်းနေတယ် ဆိုတာကလဲ ဥပမာ ရွှေဈေးနဲ့ ချိန်ထိုးပြီး ပြောရရင် အရင်က ရွှေတစ်ပိဿာကို သိန်းတစ်ထောင့်သုံး လေး ရာ နဲ့ ရတယ်၊ အခုဆို အိမ်၊ ခြံ၊ မြေ ကို သိန်းသုံးထောင်လောက်နဲ့ ရောင်းတယ်ဆိုပါစို့ ရွှေတစ်ပိဿာတောင် ဝယ်လို့မရတော့ဘူးလေ။ ဒါကြောင့် အခုချိန်က ရောင်းတဲ့သူတွေထက် ဝယ်တဲ့သူတွေ ပိုပြီး တွက်ခြေကိုက်တယ်၊ အခုလဲ ဈေးကောင်းနေဆဲပဲ၊ မကြာပါဘူး မြေတို့၊ ခြံတို့ ပြန်ပြီး အဝယ်လိုက်လာကြမှာပဲ၊ ဘာလို့လဲဆိုတော့ မြေတို့၊ ခြံတို့ဆိုတာက ဘယ်တော့မှ အရှုံးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း တစ်ခုပဲလေ” ဟု မြစ်ကြီးနားမှ ဝါရင့်အကျိုးဆောင် တစ်ဦးက သုံးသပ်ပြောပြသည်။

ကချင်ပြည်နယ်၏ အိမ်၊ ခြံ၊ မြေ စျေးကွက် အခြေအနေမှာ နိုင်ငံရေးအပြောင်းအလဲပေါ်တွင် မူတည်နေကြောင်း၊ စီးပွားရေးဇုန်များ တည်ဆောက်လာမည့် ဒေသတစ်ခု ဖြစ်သည့်အတွက် နောင်နှစ်များတွင်လည်း ကချင်ပြည်နယ်၌ အိမ်၊ ခြံ မြေ စျေးကွက် အခြေအနေမှာ ပိုမို ကောင်းမွန်လာမည်ဟု သုံးသပ်ရကြောင်း ပြည်နယ်အတွင်းက အိမ်၊ ခြံ၊ မြေ လုပ်ငန်း ‌ဆောင်ရွက်နေသူများထံက သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။