Trending Now

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုံခြုံရေးဝန်ထမ်းအား ရေမဆေးကျောက်ရှာဖွေသူမှ ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား

Spread the love

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုံခြုံရေးဝန်ထမ်းအား ရေမဆေးကျောက်ရှာဖွေသူမှ ဓါးဖြင့် ထိုးသတ်မှုဖြစ်ပွား

EPN
ဖားကန့်၊မေ ၂၇

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတစ်ခု၏ ခြံဝင်းတွင်း လုံခြုံရေး တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးအား ရေမဆေးကျောက်ရှာဖွေသူမှ ဓါးဖြင့် ထိုးသတ်ခဲ့သည် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ယနေ့၊ မေလ ၂၇ ရက်၊ နေ့လယ် ၂နာရီခွဲ အချိန့်တွင် ဖားကန့်ကျောက်စိမ်း မှော်ဒေသ၊ ဝှေခါကျေးရွာအနီးရှိ (၁၁၁) ကုမ္ပဏီ၏ ခြံဝင်းအတွင်း လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦး အား ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက ဓါးဖြင့် ထိုးသတ်ခဲ့သဖြင့် အဆိုပါဝန်ထမ်းမှာ အခင်းဖြစ် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်သည် ရေမဆေး ကျောက်ရှာဖွေသူတွေကို ဒေသအခြေအနေအရ နားလည်မှုနှင့် ဝင်ရောက်ရှာဖွေခွင့်ပြုထားသည့် အချိန်မဟုတ်ကြောင်း ဝှေခါကျေးရွာ အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“နေ့လယ်ပိုင်းအချိန်မှာ ဓါးထိုးမှုဖြစ်တာပါ။ ကုမ္ပဏီလုပ်ကွက်အတွင်းက ထွက်ရှိတဲ့ ကျောက်ကြော မြေစာတွေ စုပုံထားတဲ့နေရာမှာပါ။ အဲ့ဒီနေရာတွေက ရေမဆေးကျောက်ရှာဖွေသူတွေ ဝင်ခွင့်မရှိပါဘူး။ အဲဒါ ရေမဆေးတွေ ဝင်ရောက်လာခဲ့လို့ လုံခြုံရေးဝန်ထမ်းက တားမြစ်ရာကနေ ဓါးထိုးမှု ဖြစ်တယ်လို့ သိရပါတယ်”ဟု ဝှေခါကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဓါးဖြင့်အထိုးခံရသည့် ကုမ္ပဏီ လုံခြုံရေးဝန်ထမ်းမှာ (ဘ) ဦးကြည်ဖေ၊ အသက် (၂၉)နှစ်အရွယ်ရှိ ကိုနေလင်းအောင် (“၁၁၁” ကုမ္ပဏီ Group၊ နေကြာရတနာ ကုမ္ပဏီဝန်ထမ်း) ဆိုသူဖြစ်ပြီး လက်ရှိနေရပ်မှာ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တာဝန်ရှိသူများက သေဆုံးသူ၏ ရုပ်အလောင်းအား ဖားကန့်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်သည့် တရားခံ ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများအနေနှင့် လုပ်ငန်းခွင် ခေတ္တ ရပ်နားသည့် ညနေ (၄)နာရီမှ (၆)နာရီ အချိန်ထိ ယင်းဒေသရှိ ရေမဆေးကျောက် ရှာဖွေသူများ စားဝတ်နေရေး အဆင်ပြေစေရန် အတွက် နားလည်မှုဖြင့် ကုမ္ပဏီလုပ်ကွက်များအတွင်း တပိုင်တနိုင် ကျောက်စိမ်းတူးဖော်မှုများ ခွင့်ပြုပေးထားကြောင်း ရေမဆေးကျောက်ရှာဖွေသူများထံမှ သိရသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။