Trending Now

ကချင်ပြည်နယ်တွင် PDF အဖွဲ့၏ ဖမ်းဆီးနှိပ်ဆက်ခြင်းကို ခံခဲ့ရသည့် အမျိုးသမီး (၂) ဦး ပြန်လည်လွတ်မြောက်လာ

Spread the love

ကချင်ပြည်နယ်တွင် PDF အဖွဲ့၏ ဖမ်းဆီးနှိပ်ဆက်ခြင်းကို ခံခဲ့ရသည့် အမျိုးသမီး (၂) ဦး ပြန်လည်လွတ်မြောက်လာ

EPN
မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၂၁ (၂၀၂၄)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် PDF အဖွဲ့မှ ဇန်နဝါရီလ (၃)ရက်နေ့တွင် ဖမ်းဆီးနှိပ်ဆက်ခြင်းကို ခံခဲ့ရသည့် အမျိုးသမီး (၂)ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ပြီး ရရှိခဲ့သည့် ဒဏ်ရာများကို ယနေ့ထိတိုင် ကုသနေရဆဲဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ (၃) ရက်နေ့က ဒူမုန်းခကျေးရွာရှိ ၎င်းတို့ပိုင်ခြံအား ကားဖြင့်သွားရောက်စဉ် ဒေသခေါ် ကျားထိန်းသိမ်းရေးစခန်းအနီး PDF အမည်ခံအဖွဲ့မှ လူငယ် (၈)ဦးခန့်က
ကားကိုတားစီးကာ ကားပေါ်ပါအမျိုးသမီး(၂)ဦးနှင့်အတူ ဝတ်ဆင်လာသည့် လက်ဝတ်ရတနာများ၊ ပိုက်ဆံအိတ်နှင့် ကားကိုပါ ယူဆောင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်အမျိုးသမီးက ပြောသည်။

ယင်းကဲ့သို့ ဖမ်းဆီးသွားစဉ် ယင်းအမျိုးသမီးနှစ်ဦးကို ဝါးလုံးတန်းတွင် လက်နှစ်ဖက်ကို လက်ထိပ်ခတ်ပြီး လက်သီးဖြင့်ထိုးခြင်း၊ ဝါးစိမ်းတုတ်များဖြင့် ရိုက်ခြင်း၊ လက်များကို ဓားဖြင့်လှီးခြင်း၊ ဆေးလိပ်မီးဖြင့် အသားများကို ထိုးခြင်း စသည့် နှိပ်စက်မှုကို ခံခဲ့ရကြောင်း ဖမ်းဆီးခံရသူ အမျိုးသမီးက ပြောသည်။

” ဇန်နဝါရီလ (၃) ရက်နေ့မှာ ဖမ်းတယ်။ စစချင်း ဖမ်းဆီးခံရတုန်းက PDF တွေရဲ့စခန်းမှာပဲ ဖမ်းဆီးနှိပ်စက်ထားကြတယ်။ နောက်ရက် သူတို့က မေးမြန်းမယ်ဆိုပြီး လက်ကိုမြှောက်ပြီး ဝါးတန်းမှာ လက်ထိပ်ခတ်ထားတယ်။ လက်သီးနဲ့ထိုးတယ်။ ခြေထောက်နဲ့ကန်တယ်။ ဒါတင်မကဘူး ဝါးစိမ်းတုတ်တွေနဲ့ ရိုက်တယ်။ နောက်ပြီး လက်တွေကို ဓားနဲ့မွှန်းတယ်။ ဆေးလိပ်မီးနဲ့လဲ အသားတွေကိုထိုးတယ်။ ရိုက်နှက်တာတွေကလဲ တစ်နေရာထဲကို ထပ်ခါထပ်ခါရိုက်တော့ သတိမေ့တဲ့အထိ ဖြစ်သွားတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ဖမ်းဆီးခဲ့သည့် pdf အဖွဲ့မှာ မိုးကောင်းမြို့နယ်အတွင်း ဗုံးခွဲခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်း ယင်းအမျိုးသမီး (၂) ဦးကို သတ်ဖြတ်ရန် လုပ်ဆောင်စဉ်ပြောကြားခဲ့ကြောင်း သိရသည်။

” ကျွန်မတို့ (၂)ဦးကို သတ်တော့မယ်ဆိုပြီး လုပ်တဲ့အချိန် သူတို့က (၄)မိုင်ဆရာတော် သတ်ဖြတ်ခံရမှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေ၊ ဒလန်ရှင်းလင်းရေးဆိုပြီး မိုးကောင်းနဲ့ နမ္မတီးမှာသတ်ဖြတ်တာတွေလဲ သူတို့ပဲလို့ ပြောခဲ့တယ် ” ဟု ယင်းက ထပ်မံပြောကြားခဲ့သည်။

ယခုကဲ့သို့ အမျိုးသမီးများအပေါ် လက်နက်ကိုင်ကာ ညှင်းပန်းနှိပ်ဆက်မှုများကို လုံးဝလက်မခံနိုင်ကြောင်း၊ နိုင်ငံရေးကို အသုံးချကာ လက်နက်ကိုင် ဓားပြတိုက်သည့် ဖြစ်စဉ်များလည်း မပြုလုပ်ကြရန် နိုင်ငံရေး စိတ်ပါဝင်စားသူတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

” အခုဆိုရင်လည်း အမျိုးသမီးတွေကို ဖမ်းဆီးနှိပ်စက်တာတွေလဲ မြင်တွေ့ရတယ်။ နောက်ပြီး သတ်ဖြတ်မယ်ဆိုတဲ့အထိ ဖြစ်ခဲ့တယ်။ လူအသိုင်းအဝိုင်းမှာ အခုလို အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေအတွက်လည်း လုံးဝလက်မခံနိုင်းဘူး။ နောက်ပြီး သူတို့နဲ့ပါသွားတဲ့ ရွှေငွေတွေလဲ ယူထားလိုက်ကြတယ်ဆိုတော့ လက်နက်ကိုင် ဓားပြအဆင့်ထိ ဖြစ်သွားပြီ။ ဒါကြောင့် နိုင်ငံရေးကို ခုတုံးလုပ်ပြီး အခုလိုတွေ မပြုလုပ်ကြဖို့ ပြည်သူတစ်ယောက်အနေနဲ့လည်း ပြောကြားလိုတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသမီးနှစ်ဦးကို ၎င်းတို့၏ ခင်ပွန်းနှင့် တာဝန်ရှိသူများမှ လိုက်လံစုံစမ်းကာ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း သိရသည်။

အလားတူ (၂၀၂၄)ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကလည်း အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုမှ နေခင်းဘက် လူသွားလူလာပြတ်သည့် နေရာတွင် အမျိုးသားတစ်ဦးကို ဓားဖြင့်သတ်ဖြတ်ကာ သေဆုံးသူဖြင့်ပါလာသည့် ဖုန်း၊ ဆိုင်ကယ်၊ ကျောက်စိမ်းများကို လုယူထွက်ပြေးသွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။