Trending Now

ဂျပန်က ရေဒီယိုသတ္တိကြွရေ မက်ထရစ်တန် ၁ သန်းကျော်ကို သြဂုတ်လ ၂၄ ရက်မှာ သမုဒ္ဒရာထဲကို စွန့်ပစ်မယ်

Spread the love

ဂျပန်က ရေဒီယိုသတ္တိကြွရေ မက်ထရစ်တန် ၁ သန်းကျော်ကို သြဂုတ်လ ၂၄ ရက်မှာ သမုဒ္ဒရာထဲကို စွန့်ပစ်မယ်

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၂

ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံက သန့်စင်ထားတဲ့ ရေဒီယိုသတ္တိကြွရေ မက်ထရစ်တန် ၁ သန်းကျော်ကို သြဂုတ်လ ၂၄ ရက်မှာ သမုဒ္ဒရာထဲကို စတင်စွန့်ပစ်မယ်လို့ ဂျပန်က ဒီနေ့ ပြောကြားခဲ့ပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုရှိနေတဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။

ဂျပန်အစိုးရရဲ့ ဒီအစီအစဉ်ဟာ ဂုဏ်သိက္ခာပိုင်းထိခိုက်မှုနဲ့ ရေသယံဇာတ ပျက်စီမှုကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် ဒေသခံ ငါးဖမ်းလုပ်ငန်းတွေကို ထိခိုက်နိုင်တဲ့အတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရေထုတ်လွတ်ခြင်းဟာ ဘေးကင်းတယ်လို့ ဂျပန်က အခိုင်အမာပြောဆိုထားသလို အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA)၊ ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့ကလည်း အဆိုပါအစီအစဉ်ဟာ လူတွေနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုမှာ နည်းပါးကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမယ် ဒီအစဉ်အစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက အကြီးမားဆုံး ဝေဖန်သူအဖြစ် ပေါ်ထွက်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေကပါ အဆိုအပါအစီအစဉ်ရဲ့ လုံခြုံရေးနဲ့ ဘေးကင်းရေးဆိုင်ရာ စံနှုန်းတွေအပေါ် သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

“ဂျပန်နိုင်ငံဟာ တစ်ကိုယ်ကောင်းဆန်မှုနဲ့ မောက်မာမှုကို ပြသလိုက်တာဖြစ်ပြီး ရေဒီယိုသတ္တိကြွရေတွေ ထုတ်လွတ်မဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ နိုင်ငံတကာအသိုက်အဝန်းကို လုံးလုံးလျားလား တိုင်ပင်ခဲ့ခြင်းမရှိပါဘူး” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်က ဇူလိုင်လမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံက ဖူကူရှီးမား နဲ့ မြို့တော် တိုကျို အပါအဝင် ဂျပန်နိုင်ငံ စီရင်စု ၁၀ ခုက ပင်လယ်စာတင်သွင်းမှုကို တားမြစ်ထားပြီး တစ်ခြားစီရင်စုတွေက ပင်လယ်စာတွေကို တင်သွင်းခွင့်ပြုထားပေမယ့် ရေဒီယိုသတ္တိကြွစစ်ဆေးမှု အောင်မြင်ကြောင်း အထောက်အထားပါရှိရမှာဖြစ်ပါတယ်။

ရေထုတ်လွှတ်မှုဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီပြီး IAEA ရဲ့ အကဲဖြတ်ချက်ကို လေးစားကြောင်း တောင်ကိုရီးယားက ပြောကြားခဲ့ပေမယ့် အတိုက်အခံတွေနဲ့ ပြည်သူတွေကတော့ ဒီအစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

“တကယ်လို့ ဒီရေဆိုးတွေသာ ဘေးကင်းတယ်လို့ ဂျပန်က ယူဆရင် ဒီရေတွေကို ဂျပန်မှာ သောက်သုံးဖို့နဲ့ တစ်ခြားစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးပြုသင့်တယ်” လို့ တောင်ကိုရီးယား အတိုက်အခံ အမတ်တစ်ဦးက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပြောဆိုခဲ့ပါတယ်။

စွန့်ပစ်မှုမလုပ်ဆောင်ခင် ရေနဲ့ ခွဲခြားဖို့ ခက်ခဲတဲ့ ဟိုက်ဒရိုဂျင် အိုင်ဆိုတုပ်ကလွဲလို့ ကျန်ရေဒီယိုသတ္တိကြွဒြပ်စင်အများစုကို ဖယ်ရှားပေးသွားမှာဖြစ်ပြီး နိုင်ငံတကာစံနှုန်းတွေနဲ့ အညီပြုလုပ်သွားမယ်လို့ ဂျပန်က ပြောပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။