Trending Now

ပန်ဝါမြို့ ၊ မဇ္ဗူငြိမ်းစေတီတော်ရှိ အရံစေတီတော် (၈)ဆူ၏ ထီးတော် ပျက်စီးနေမှုများအား ပြန်လည်ပြုပြင်သွားမည်

Spread the love

ပန်ဝါမြို့ ၊ မဇ္ဗူငြိမ်းစေတီတော်ရှိ အရံစေတီတော် (၈)ဆူ၏ ထီးတော် ပျက်စီးနေမှုများအား ပြန်လည်ပြုပြင်သွားမည်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၁

ကချင်ပြည်နယ် ပန်ဝါမြို့ရှိ မဇ္ဗူငြိမ်းစေတီတော် ၏ အရံစေတီတော် (၈)ဆူ ထီးတော် ပျက်စီးနေမှုများအား လာမည့် သီတင်းကျွတ် ကာလအတွင်း ပြန်လည်ပြုပြင်သွားရန် စီစဉ်နေကြောင်း ပန်ဝါဘုန်းတော်ကြီးကျောင်းတိုက်မှာ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ မဇ္ဗူငြိမ်းစေတီတော်ရှိ အရံစေတီတော် (၈)ဆူ၏ ထီးတော်များမှာ မိုးဒဏ်၊ လေဒဏ် ၊ ရာသီဥတု ဒဏ်များကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ပြီး ထီးတော်များ ပြန်လည်ပြုပြင်နိုင်ရေးအတွင် အလှူရှင်များနှင့် စုပေါင်းကာ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပန်ဝါဘုန်းတော်ကြီးကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓဝံသ က မိန့်ကြားသည်။

” အရှင်ဘုရားတို့ ဒီပန်ဝါကျောင်းမှာရှိတဲ့ မဇ္ဗူငြိမ်းစေတီတော်မြတ်ရဲ့ အရံစေတီတော်က ထီးတော်တွေမှာ မိုးဒဏ် လေဒဏ်တွေကြောင့် ပျက်စီးခဲ့ရတာ ၂ နှစ် လောက်ရှိခဲ့ပြီး ဒီလို ပျက်စီးနေတဲ့ အရံစေတီတော်ရဲ့ ထီးတော်တွေကိုပြန်လည်ပြုပြင်သွားဖို့အတွက် ပြင်ဆင်နေပြီး လာမည့် သီတင်းကျွတ်လပြည့်နေ့မှာ အရံစေတီတော်တွေရဲ့ထီးတော်ပြန်လည်မွန်းမံခြင်း၊ ရွှေသင်္ကန်းကပ်လှူ ခြင်း ဒါတွေကိုပြုလုပ်သွားမှာဖြစ်တယ်၊ ” ဟု ဆရာတော်ဘုရားမှ မိန့်ကြားခဲ့သည်။

ယင်း အရံစေတီများ ထီးတော် ပြန်လည်ပြုပြင်ရန်နှင့် ရွှေသင်္ကန်းကပ်လှူရန်အတွက် အရံစေတီတော် တစ်ဆူလျှင် ငွေကျပ် ၃ သိန့်ခန့်ကုန်ကျမည်ဖြစ်ကာ အရံစေတီတော် ၈ ဆူအတွက် ငွေကျပ် ၂၄ သိန်းခန့် ကုန်ကျမည်ဟု လျာထားကြောင်းသိရသည်။

ယင်းအရံစေတီတော်များ ပြန်လည်ပြုပြင်မည့် သီတင်းကျွတ်လပြည့်နေတွင်လည်း ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့မှ ဦးယိန်းဆောင်မှလည်း ဆရာတော်ရှင်သူမြတ်များအတွက် နေဆွမ်းဖြင့်လည်ကောင်း ၊ ကြွရောက်ကြမည့် အလှူရှင်များ ဧည့်သည်တော်များအတွက် နေလည်စာဖြင့်လည်ကောင်း ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇမ္ဗူငြိမ်းစေတီတော်ကြီးကို ၂၀၀၀ ပြည်နှစ်မှစတင်ကာ ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဌကြီး ဝဏ္ဏကျော်ထင်ဦးဇခုန်တိန့်ယိန်းမှ “ငြိမ်းချမ်းရေးသင်္ကေတအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ဗုဒ္ဓဘာသာအများစု ကိုးကွယ်သောနိုင်ငံဖြစ်သည့်အားလျော်စွာ မြန်မာပြည်၏ သရုပ်သဏ္ဌာန် ထင်ရှားစေရန်လည်းကောင်း၊ ပန်ဝါမြို့ရှိ ဗုဒ္ဓဘာသာဝင်များ ဆည်းကပ်ကိုးကွယ်နိုင်ရန်လည်းကောင်း ရည်ရွယ်လျက်” ကျပ်သိန်းခြောက်ထောင် အကုန်အကျခံကာ တည်ဆောက်ခဲ့သည့် စေတီတော်ကြီးဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။