Trending Now

မလိယန်ကျေးရွာတွင် ရွှေတူးဖော်မှု များလာသည့်အတွက် သောက်သုံးရေ ခက်ခဲနေ

Spread the love

မလိယန်ကျေးရွာတွင် ရွှေတူးဖော်မှု များလာသည့်အတွက် သောက်သုံးရေ ခက်ခဲနေ

EPN
မြစ်ကြီးနား၊ မတ်လ ၂၉ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မလိယန်ကျေးရွာတွင် ရွှေ‌‌တူးဖော်မှု များပြားလာမှုကြောင့် သောက်သုံးရေများ အခက်အခဲရှိလာကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ယခုနှစ်တွင် မလိယန်ကျေးရွာရှိ ‌အင်ဆုန်ချောင်းတစ်လျှောက် ရွှေတူးဖော်သူ ပိုမိုများပြားလာသည့်အတွက် သဘာဝ တောတောင်ရေမြေများ ပျက်စီးခြင်း၊ ဒေသခံများ သောက်သုံးရေအတွက် အသုံးပြုနေရသည့် ချောင်းရေ၊ စမ်းရေများ ညစ်ညမ်းခမ်းခြောက်လာခြင်း စသည့်ဘေးထွက်ဆိုးကျိုးများ ရှိလာကြောင်း မလိယန်ကျေးရွာနေ ပြည်သူတစ်ဦးထံမှ သိရသည်။

” ရွှေတူးတဲ့သူတွေက မနှစ်ကထက်ပိုပြီးများလာတော့ သဘာဝသစ်တောတွေ ပျက်စီးလာတာအရမ်းသိသာလာတယ်။ သစ်တောတွေလည်း မရှိသလောက်ဖြစ်လာပြီ။ မြစ်ချောင်းတွေလည်း ညစ်ညမ်းလာတယ်။ ဒေသခံတွေ သောက်ရေ အနေနဲ့ အမြဲသုံးနေတဲ့ လှိုင်ပေါင်းချောင်းလည်း ရွှေတူးတာများတော့ ပိတ်ဆို့ကုန်ပြီး ခမ်းခြောက်လာပြီ။ အခုအခြေအနေမှာ သောက်သုံးရေအတွက် ပိုပြီး ဒုက္ခကြုံရတယ် ” ဟု ၎င်းကဆိုသည်။

ယင်းကဲ့သို့ မြစ်ချောင်းအနီးအနားတွင် ရွှေတူးဖော်မှုများမှာ မလိယန်ကျေးရွာအပြင်၊ နောင်ချိန်းကျေးရွာတွင်လည်း ရွှေတူးဖော်မှုများ ရှိနေသည့်အတွက် တာဝန်ရှိသူများအနေဖြင့် တားဆီးမှုများလုပ်ဆောင်ပေးရန် ဒေသခံများမှ လိုလားနေကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။