Trending Now

မန္တလေး – မြစ်ကြီးနား လမ်းခရီးအား နှစ်ရက် နီးပါးခန့်ကြာမြင့်စွာ သွားလာနေရ သဖြင့် ခရီးသည်များနှင့် ကားသမားများ အခက်တွေ့

Spread the love

မန္တလေး – မြစ်ကြီးနား လမ်းခရီးအား နှစ်ရက် နီးပါးခန့်ကြာမြင့်စွာ သွားလာနေရ သဖြင့် ခရီးသည်များနှင့် ကားသမားများ အခက်တွေ့

EPN
ပြည်သူ့အသံကဏ္ဍ
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၇

မန္တလေး – မြစ်ကြီးနား လမ်းခရီးအား နှစ်ရက် နီးပါးခန့်ကြာမြင့်စွာ သွားလာ၍ ခရီးသည်များနှင့် ကားသမားများအ‌နေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရသည်ဟု ဆိုကြသည်။

ယခင်ကာလများက ကချင်ပြည်နယ် မြစ်ကြီးနားမှ မန္တလေးမြို့သို့ အဆင်း သို့မဟုတ် မန္တလေးမှ မြစ်ကြီးနားသို့ အတက် လမ်းခရီး ကြာမြင့်မှုက ခရီးတစ်ထောက်နားသည့်အချိန်အပါအဝင် ၁၄ နာရီ ဝန်းကျင်ခန့်သာ မောင်းနှင်လျှင်ရောက်ရှိသော်လည်း နိုင်ငံရေးအခြေအနေအရ စစ်ဆေးဂိတ်များ၌ ရပ်တန့် စစ်ဆေးခံရမှုနှင့် PDF၊ အကြမ်းဘက်သမားများ၏ ချိန်းခြောက် ထုတ်ပြန်စာများကြောင့် ညနေ ၅နာရီနောက်ပိုင်း ဖြတ်သန်းမောင်းနှင် မရဲသည့်အတွက် ယခုကဲ့သို့ နှစ်ရက်ခရီးခန့် ကြန့်ကြာ နေကြောင်း ကားသမားများက ဆိုသည်။

“ပုံမှန်ဆိုရင် အတက်ဘဲ ဖြစ်ဖြစ် အဆင်းဘဲ ဖြစ်ဖြစ် ညဘက် အေးဆေးမောင်း ခရီးတစ်ထောက်နားတဲ့ အချိန်အပါမှ ကြာချိန် ၁၄ နာရီဝန်းကျင်ဆို ရောက်ပြီလေ၊ အခုက ကျနော်တို့ မြစ်ကြီးနားကို အတက်ဆိုရင် မန္တလေးကနေ နေ့လယ်၂နာရီလောက်ထွက်တယ် ညနေ၅နာရီလောက်ဆိုရင် ရောက်တဲ့နေရာမှာ ကားထိုးအိပ်ရတယ် ညမမောင်းရဘူး ခရီးသည်တွေအတွက်ရော ကျနော်တို့အတွက်ပါ အခက်အခဲရှိတယ်၊ စားစရိတ်ပိုသွားတယ်၊ အပြန်ဆိုရင်လဲ ဒီလိုပဲ ညနေ ၅ နာရီဆို ရောက်တဲ့နေရာ ကားထိုးအိပ်ရတယ်၊ ဒါကတော့ ဒီလမ်းပိုင်းသွားတဲ့ သူတွေ အားလုံး ကြုံနေရတဲ့ ပြဿနာတစ်ခုပါ၊ နောက် ဒီကြားထဲ လမ်းခရီးမှာလဲ မမြင်နိုင်တဲ့ အန္တရာယ်ကိုလည်း စိုးရွံ့နေရသေးတယ်၊ အဲ့ဒီလိုပဲ ခရီးသည်တွေအတွက်ဆိုလည်း စရိတ်ပို ကုန်တယ်၊ အဝေးပြေး အမြန်ကား ဖြစ်တဲ့အတွက် နေ့ဘက်မောင်းရတော့ လူရှုပ်တယ် ကားအင်ဂျင်ပူတယ် ကုန်ပစ္စည်းတွေ ပျက်ဆီးမှုရှိတယ်၊ ကျနော်တို့အနေနဲ့အခက်အခဲ အများကြီးဖြစ်ရတယ်” ဟု မြစ်ဖျားဧရာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှ အမည်မဖော်လိုသူ ကားဆရာတစ်ဦးက ပြောပြသည်။

မန္တလေး မြစ်ကြီးနားလမ်းပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက တင်းကြပ်စွာ စစ်ဆေးနေသည်ကို ကြုံတွေ့ရကြောင်း ယင်းအပြင် PDF၊ အကြမ်းဘက်သမားများက အွန်လိုင်းပေါ်တွင် ချိန်းခြောက် ထုတ်ပြန်ရုံသာမကဘဲ စစ်ကား၊ အရပ်သားကား၊ ခရီးသည်ကား၊ ပရဟိတကား မခွဲခြားဘဲ မိုင်းခွဲ၊ ပစ်ခတ်၊ သတ်ဖြတ်၊ ကားမီးရှို့သည့် ဖြစ်ရပ်များကြောင့် ခရီးစဉ်အား သတ်မှတ်ချိန် မရောက်ရှိနိုင်သည့် အခက်အခဲများအပြင် အသက်အန္တရာယ်အတွက် များစွာ စိုးရွံ့နေရသည်ဟု ခရီးသွား ပြည်သူအချို့က ဆိုသည်။

“ခရီးက အရင်ဆို တစ်ညအိပ်ပေါ့ မနက်အစော ၃ခွဲလောက်ဆို မန္တလေးရောက်တယ် အခုတော့ ညနေ၅နာရီဆို ကားတွေ ရပ်ကတော့ စားစရိတ်ထောင်းတယ် ကုန်ဈေးနှုန်းတွေမြင့်တယ် ငွေမ‌လုံလောက်တဲ့သူဆို ခရီးသွားသူတွေဆီက ထမင်းတောင်းစားရတာတွေ၊ ကားဆရာတွေက ကျွေးတာမျိုးတွေရှိတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် အခုချိန် ခရီးသွားရင် အခက်ကြုံနေရတာ အများကြီးပါဘဲ၊ အရင် ကားစီးရင် အေးအေးလူလူ အိပ်ပြီး စီးလို့ရတယ်၊ အခုတော့ လိုရာခရီးမရောက်မချင်း ဘယ်နားဘာဖြစ်မလဲ ရင်တထိပ်ထိပ်နဲ့ လိုရာခရီး‌ရောက်မှပဲ စိတ်ဒုံးဒုံး ချနိုင်တော့တယ်။ ငွေကုန်လူပမ်း လူမော စိတ်မောပေါ့၊ ခရီးတစ်ခါထွက်ရင် နောက်မှာ ကျန်နေတဲ့ မိသားစုကလဲ ကိုယ်မရောက်မချင်း သူတို့လဲ စိတ်မအေးရဘူးပေါ့ဗျာ”ဟု ခရီးသွားတစ်ဦးက ပြောသည်။

ယခုနှစ်အတွင်း မြစ်ကြီးနား- မန္တလေး လမ်းပိုင်း၌ ခရီးသည်တင်ယာဉ်များ၊ ကုန်စည်တင်ယာဉ်များနှင့် အရေးပေါ်လူနာတင် ပရဟိတကားများ မိုင်းခွဲ တိုက်ခိုက်ခံရမှုနှင့် သေနတ်ဖြင့် ပစ်ခတ်ခံရမှုများ မကြာခဏ ဖြစ်ပွား‌ပြီး လူထိခိုက် သေဆုံးမှု ဖြစ်စဉ်များလည်း ရှိနေသည့်အတွက် ခရီးသည်များနှင့် ကားသမားများအ‌နေဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရခြင်း ဖြစ်သည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။