Trending Now

လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

Spread the love

လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

EPN
နေပြည်တော်၊ အောက်တိုဘာ ၄ (၂၀၂၃)

မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို အောက်တိုဘာလ ၃ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူငယ်များ၏အနာဂတ် အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်များကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များ လူ့အသိုင်းအဝိုင်းတွင် အချင်းချင်း ပူးပေါင်း ဆောင်ရွက်မှု၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ အနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်၊ ငြိမ်းချမ်းရေးလိုလားသည့် စိတ်ဓာတ်များနှင့် အနာဂတ်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားနေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) က “လူငယ်နှင့် ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက “မသန်စွမ်းသူများ၏ အခွင့်အရေးကာကွယ်ရေး၊ ဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ”နှင့် ပတ်သက်၍လည်းကောင်း ဟောပြောဆွေး နွေးခဲ့ကြပြီး၊ Fitness Danceအဖွဲ့က သရုပ်ပြ ဖျော်ဖြေခြင်းနှင့် ဗဟုသုတဉာဏ်စမ်း မေးခွန်းများ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ကြကာ မေးခွန်းဖြေဆိုနိုင်သူများကို ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ဆွေးနွေးဟောပြောပေးခဲ့သည့် စာရေးဆရာများနှင့် အစိုးရနည်းပညာ အထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီးထံ အမှတ်တရလက်ဆောင် ပစ္စည်းများနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။