Trending Now

ဖြတ်သန်းသွားလာရန် ခက်ခဲသည့် တောင်သုံးလုံး လမ်းပိုင်းအား ဒေသခံတွေနဲ့ကားဆရာများ စုပေါင်းပြုပြင်

Spread the love

ဖြတ်သန်းသွားလာရန် ခက်ခဲသည့် တောင်သုံးလုံး လမ်းပိုင်းအား ဒေသခံတွေနဲ့ကားဆရာများ စုပေါင်းပြုပြင်

EPN
ချီဖွေ၊ ဩဂုတ် ၈

ကချင်ပြည်နယ် ချီဖွေခရိုင်အတွင်းရှိ ချီဖွေ – ဖီမော် – ဆော့လော်လမ်းပိုင်းရှိ ဖြတ်သန်းသွားလာရန် ခက်ခဲနေသည့် တောင်သုံးလုံး လမ်းပိုင်းအား ဒေသခံတွေနဲ့ ကားဆရာများ စုပေါင်း၍ ကိုယ်ထူကိုယ်ထ ပြုပြင်ခဲ့ကြောင်း ကားဆရာများထံက သိရသည်။

ယခုနှစ် ဇွန်လအတွင်းက စကာ ဆိုးဆိုးရွားရွား ပျက်စီးနေသည့် တောင်သုံးလုံး လမ်းပိုင်းအား ဒေသခံတွေနဲ့
ကားဆရာများ စုပေါင်း၍ ငွေအား လူအားဖြင့် ကိုယ်ထူကိုယ်ထ ပြုပြင် ဆောင်ရွက်ခြင်း အပေါ် ကားဆရာတစ်ဦးက ယခုကဲ့သို့ ဆိုသည်။

“ဒီလမ်းပိုင်းကို ဖြတ်ရင် ကယ်ပါယူပါနဲ့ တစာတစာ အော်ပြီး ဖြတ်ရတယ်၊ ဒါပေမယ့် ကယ်မယ့်သူလဲ မရှိခဲ့ပါဘူး၊ ဒါနဲ့ အစ်ကိုတို့ ကားဆရာတွေ စုပေါင်းပြီး ငွေစိုက်ထုတ်တယ်၊ ချိန်းဆော၊ ဆီဖိုး အလုပ်သမားခရောပေါ့ နောက်ပြီး ဒေသခံတွေနဲ့ အစ်ကိုတို့ ကားသမားအဖွဲ့တွေရော လုပ်အားနဲ့ ဝိုင်းပြီး ပြုပြင်လိုက်တာ အရမ်းကြီး ကောင်းတဲ့ အ‌ခြေအနေ မဟုတ်သေးပေမယ့်၊ လမ်းပေါက်သွားပြီ၊ အတိုင်းအတာ တစ်ခုအထိတော့ သွားလို့လာလို့ အဆင်ပြေသွားပြီး၊ ဒေသခံတွေလဲပျော်၊ ကိုယ်တွေလဲပျော်ပေါ့”ဟု အဆိုပါ ကားဆရာက ပြောပြ
သည်။

တောင်သုံးလမ်းပိုင်းအား ပြုပြင်ပေးသည့် ကားဆရာများကို ကျေးဇူးအထူးတင်ကြောင်း ဒေသခံ တစ်ဦးက “လမ်းပြင် ပေးတဲ့ သူငယ်ချင်း မိတ်ဆွေ ကားသမားကို ဒေသအတွက်ရော ခရီးသွားတွေ အတွက်ရော ကျေးဇူး အထူးတင်ရှိပါတယ်၊ သွားလမ်းသာပြီး လာလမ်းဖြောင့်ဖြူးပါစေလို့ ဆုတောင်း ပေးပါတယ်” ဟု ဆိုသည်။
ယင်းလမ်းပိုင်းပြုပြင်ရာတွင် အလုပ်သမား ငှါးခ၊ ချိန်းဆော၊ ဆီဖိုး စုစုပေါင်း ကျပ်သိန်း ၂၀ ကျော် ကုန်ကျခဲ့ကြောင်း သိရပြီး
ကားဆရာများ၏ စုပေါင်းငွေအား၊ လုပ်အား၊ ဒေသခံများ၏ လုပ်အား ဖြင့် ၇ ရက်ကြာ ခက်ခက်ခဲခဲ ပြုပြင်ခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ လမ်းပိုင်းသည် တစ်ဘက်တွင် မြင့်ပြီး မတ်စောက်ကာ တစ်ဘက်တွင် နက်ရှိုင်းသော ချောက်ကမ်းပါး ကြား ရှိသည့် လမ်းဖြစ်၍ ဒေသခံများ အနေဖြင့် နှစ်စဉ် မိုးရာသီ ရောက်တိုင်း မကြာခဏ တောင်ပြိုမှုနှင့် မြေသားလမ်းပိုင်း ပျက်စီးမှုများကြောင့် အသွားအလာ ခက်ခဲရုံသာမက အသက်အန္တရာယ်ပင် စိုးရိမ်နေရသည့် လမ်းပိုင်း ဖြစ်သည်။
မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။