Trending Now

မိုးညှင်းမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား လေးဦးဖမ်းဆီးခံရ

Spread the love

မိုးညှင်းမြို့နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား လေးဦးဖမ်းဆီးခံရ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်း တရားမဝင် အထောက်အထားမဲ့ ဝင်ရောက်လာသော တရုတ်နိုင်ငံသား လေးဦးနှင့် ၎င်းတို့အား သယ်ဆောင်လာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် မိုးညှင်းမြို့နယ်အဝင် နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်လျက်ရှိစဉ် မန္တလေးမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ ယာဉ်မောင်း စိုင်းခိုင်သူစိုးမောင်းနှင်ပြီး ယာဉ်နောက်လိုက် ဘရန်ထွန်းလိုက်ပါလာသည့် ရွှေပြည့်စုံခရီးသည်တင် Express မော်တော်ယာဉ်အား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုသို့စစ်ဆေးမှုပြုခဲ့ရာ တရုတ်နိုင်ငံသား မုန်တျဲန်ကျင့်အပါအဝင် တရုတ်နိုင်ငံသားလေးဦးသည် တရားမဝင်အထောက်အထားမဲ့ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် (၁၉၄၇)ခုနှစ်မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေပုဒ်မ-၁၃(၅)ဖြင့်အရေးယူရန် အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အထောက်အထားမဲ့ မြန်မာနိုင်ငံ အတွင်းဝင်ရောက်လာကြသော တရုတ်နိုင်ငံသားများအား ခေါ်ဆောင်လာသည့် ယာဉ်မောင်း စိုင်းခိုင်သူစိုး(၃၂)နှစ် မန္တလေးမြို့နေထိုင်သူနှင့် ယာဉ်နောက်လိုက် ဘရန်ထွန်း (၂၅)နှစ် ဖားကန့်မြို့နေထိုင်သူတို့အား မိုးညှင်းမြို့မ ရဲစခန်းက (ပ)၂၄/ ၂၀၂၂၊ လဝက အက်ဥပဒေ ပုဒ်မ- ၁၃(၅)ဖြင့် အမှုဖွင့်အရေးယူထားပြီး တရုတ်နိုင်ငံသားလေးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။