Trending Now

(၃)နှစ်ကျော်ကြာ ရပ်နားထားတဲ့ မြိတ်ကျွန်းစု ခရီးသွား လုပ်ငန်းများ စတင်လည်ပတ်တော့မည်

Spread the love

(၃)နှစ်ကျော်ကြာ ရပ်နားထားတဲ့ မြိတ်ကျွန်းစု ခရီးသွား လုပ်ငန်းများ စတင်လည်ပတ်တော့မည်

EPN
မြိတ်၊ နိုဝင်ဘာ ၂ (၂၀၂၃)

တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းများကို ရပ်နားထားခဲ့ရာ သုံးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး ယခုနှစ်သီတင်းကျွတ် ကာလမှ စတင်ပြီး ပြန်လည်ပတ်တော့မည် ဖြစ်ကြောင်း ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။

ကိုဗစ်ကပ်ရောဂါကာလမှ စတင်ပြီး သုံးနှစ်အကြာ ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ်မှ စတင်ပြီး လုပ်ငန်းများပြန်လည်ပတ်ရန် ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် ပြည်တွင်းခရီးသွားများကိုသာ ကျွန်းခရီးစဉ်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်းခရီးစဉ်တွေတော့ စတင်ပြေးဆွဲတော့မှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းက ကျွန်းတွေကို သွားရောက်ပြီး ခရီးသည် ပို့ဆောင်ပေးမယ့် ကျွန်းတွေကို လေ့လာမှုတွေလုပ်ခဲ့ပြီးပါပြီ။ ခရီးသွားကုမ္ပဏီက ၂၀ လောက်ရှိပါတယ်” ဟု မြိတ်ခရိုင် ဟိုတယ်နှင့် ခရီးသွားလာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြိတ်ကျွန်းစုအတွင်းရှိ နာမည်ကြီးသည့် ကျွန်းခရီးစဉ်များ လည်ပတ်နိုင်ရန်အတွက် လေးကျွန်း၊ သမီးလှ၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်း၊ ကြယ်လိပ်၊ ဘေလီစသည့် ခရီးစဉ်များကို စီစဉ်ထားပြီး ခရီးစဉ်နှုန်းထားများကို လူတစ်ဦးလျှင် ငွေကျပ်နှစ်သိန်းမှ သုံးသိန်းခွဲအထိ သတ်မှတ်ထားကြောင်း သိရသည်။

“အဓိက အခက်အခဲက လေယာဉ်ခရီးစဉ်တွေ ကျပ်နေတာ၊ ရန်ကုန်- မြိတ် လေယာဉ်ခရီးစဉ် ကုန်ကျ စရိတ် မြင့်မားနေတာတွေ၊ လောင်စာဆီဈေးနှုန်းကြီးမြင့်မှုကြောင့် ဈေးနှုန်းမြင့်သွား ရတာတွေ ရှိနေပါတယ်။ ကျွန်းတွေမှာလိုအပ်တဲ့ Activity တွေကို ကျွန်တော်တို့ အတတ်နိုင် ဆုံး ဖြည့်ဆည်းဆောင်ရွက်နေပါတယ်။ အဆင့်မီပြင်ဆင်မှုတွေ၊ ဝန်ဆောင်မှုတွေ၊ ခရီးစဉ်ရေး ဆွဲတာတွေမှာ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်”ဟု Adman Beauty ခရီးသွားလုပ်ငန်းမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

ကျွန်းပေါင်း ၈၀၀ ကျော်တည်ရှိသည့် မြိတ်ကျွန်းစုဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအနေဖြင့် ရေပေါ်ရေအောက်ရှုခင်းများ၊ လှပသော သဲသောင်ပြင် များပါဝင်သည့် ကျွန်းများ၊ ဆလုံလူမျိုးများ၏ ယဉ်ကျေးမှု ဓလေ့ထုံတမ်းများနှင့် လူနေမှုဘဝနေထိုင်မှု ပုံစံများကို လေ့လာနိုင်မည့်အပြင် ရေကူးခြင်း၊ ဒေသသုံးလှေငယ်များဖြင့် သဘာဝဒီရေတော များကိုလည်း လေ့လာနိုင်ခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေများနှင့်လိုက်ပါ၍ ငါးဖမ်းခြင်းလုပ်ငန်း များကိုလည်း လေ့လာလည်ပတ်နိုင်မည်ဖြစ်ကြောင်းနှင့် ယခင်က ခရီးသွားအများစု စိတ်ဝင်တစား လည်ပတ်လေ့ရှိသော ကျွန်းများမှာ လေးကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်းနှင့် ဒုံးရေတံခွန်တို့ဖြစ်ကြောင်း သိရသည်။

အမရာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။