Trending Now

သူနာပြုများအား အလုပ်ထုတ်ခြင်း မရှိခဲ့ဟု ရင်စိန်ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးကဆို

Spread the love

သူနာပြုများအား အလုပ်ထုတ်ခြင်း မရှိခဲ့ဟု ရင်စိန်ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးကဆို

EPN
မြစ်ကြီးနား၊ မတ် ၂

မြစ်ကြီးနားမြို့ရှိ ရင်စိန် အထူးကု ပုဂ္ဂလိကဆေးရုံမှ သူနာပြုဝန်ထမ်းများအား အလုပ်ထုတ်ခြင်း မရှိခဲ့ကြောင်း ရင်စိန်အထူးကုဆေးရုံမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ရင်စိန်ဆေးရုံ၌ အလုပ်ချိန်နာရီ တိုးမြင့်လိုက်သည့်အပေါ် ကျေနပ်လက်ခံနိုင်မှု မရှိသည့်အတွက် ယင်းဆေးရုံတွင် အလုပ်ဝင်နေသည့် သူနာပြုဝန်ထမ်း ၅၀ ကျော် အလုပ်မဆင်းကြသည့်အပေါ် ရင်စိန်အထူးကု ပုဂ္ဂလိက ဆေးရုံ တာဝန်ရှိသူတစ်ဦးထံဆက်သွယ် မေးမြန်းခဲ့ရာတွင် ယခုကဲ့သို့ ဖြေကြားသည်။

“မတ်လ၁ ရက်နေ့မှာ သူနာပြုတွေ အလုပ်လာရောက်ဆင်းတာ မရှိကြဘူး။ ကျွန်တော်တို့ဘက်က အလုပ်ဖြုတ်တာမျိုးလည်းမရှိဘူး။ ထုတ်တာလည်းမရှိဘူး။ အဲ့အတွက်ကြောင့် အားလုံးကို ကြိုဆိုပါတယ်။ အလုပ်ပိုဆင်းဖို့နဲ့ လခတိုးပေးဖို့ကိစ္စ အပိုင်းကတော့ ကျွန်တော့အနေနဲ့ ပြောစရာမရှိဘူး။ ကျွန်တော်အဲ့အပိုင်းမသိရှိရဘူး။ ဖြစ်နိုင်ရင်တော့ အားလုံးပြန်ဆင်းကြရင်တော့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုဆိုနေမှာဖြစ်တယ်”ဟု သာ ဆိုခဲ့သည်။

ရင်စိန်ဆေးရုံသည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဇွန်လတွင် စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီးသည့် ဆေးဘက်ဆိုင်ရာအကူ ဝန်ထမ်းများအား ခေါ်ယူခန့်အပ်ထားခြင်း သိရသည်။

သူနာပြုအလုပ် စတင်ခေါ်ယူစဥ်က အကြီးတန်းသူနာပြု တစ်ဦး၏ အလုပ်ချိန်ကို တစ်လလျှင် နာရီပေါင်း ၂၄၀ နှင့် လုပ်ခလစာ ၅ သိန်းကျပ်၊ အငယ်တန်း သူနာပြု တစ်ဦး အလုပ်ချိန်ကို တစ်လလျင် နာရီပေါင်း ၂၄၀၊ လုပ်ခလစာ ၄ သိန်းကျပ်ဖြင့် အလုပ်ရှင် အလုပ်သမား နှစ်ဘက် သဘောတူညီစွာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သူနာပြုဝန်ထမ်း တစ်ဦးက ပြောပြသည်။

သို့သော် ရင်စိန်ဆေးရုံတွင် အလုပ်နာရီချိန် ထပ်မံတိုးမြှင့်လိုက်ခြင်းသည် မျှတမှု မရှိကြောင်းနှင့် ယင်းအပေါ် ကျေနပ်မှု မရှိသည့်အတွက် မတ်လ ၁ရက်နေ့က စတင်ကာ သူနာပြု ဝန်ထမ်း ၅၅ ဦးက ယခုကဲ့သို့ အလုပ်မဆင်းတော့ခြင်း ဖြစ်ကြောင်း ဆန္ဒပြအလုပ်မဆင်းရာတွင် ပါဝင်သည့် သူနာပြု တစ်ဦးက ပြောသည်။

“ကျွန်မတို့အနေနဲ့ အရင်အလုပ်စခေါ်တဲ့ အချိန်က တစ်လကို နာရီပေါင်း ၂၄၀ အလုပ်ဆင်းပေးရမယ်။ နှစ်ဖက်သဘောတူ လုပ်ခဲ့ကြတယ်။ အခု တစ်လ နာရီ ၃၀၀ အလုပ်ဆင်းရမယ် ပြောတယ်။ အခုအချိန်မှာ ဆေးရုံတာဝန်ရှိသူတွေက ဆေးအကူ ခန့်တာတွေများလို့ လူလျော့ချင်တဲ့ သဘောနဲ့ ကျွန်မတို့ကို အလုပ်ဆင်းချိန် တိုးပြီး လခမတိုးပဲ ခိုင်းနေသလို ခံစားရတယ်။ ကျွန်မတို့ဘက်မှာလည်း အများကြီး လိုက်လျောပေးခဲ့တယ်။ တစ်လကို လခအပြည့်ရသလို နောက်လကို တစ်ဝက်ပဲယူပြီး သူနာပြုတွေအားလုံး အဆင်ပြေအောင် အလျော့ပေးလုပ်ဆောင်ခဲ့တယ်။ ဒါကိုသူတို့ဘက်က နောက်ထပ် အလုပ်ချိန်ပိုပြီး ဆင်းပေးဖို့ စာထွက်တယ်။ မဖြစ်နိုင်တော့ဘူးပေါ့။ ကျွန်တို့ဘက်မှာလည်း ရတဲ့လခနဲ့ အဆောင်ကြေး၊ စားစရိတ် အများကြီးကုန်ကျ‌တယ်။ နားရက်ကနည်းနေတယ်။ ဒါကြောင့် အလုပ်မဆင်းတော့ တာပါ။ ဖြစ်နိုင်ရင် အလုပ်ရှင်အလုပ်သမား နှစ်ဖက်အဆင်ပြေစေမယ့် ညှိနှိုင်းမှုတွေ ရမှပဲ အလုပ်ပြန်ဆင်းမယ်” ဟု အမည်မဖော်လိုသူ သူနာပြုတစ်ဦးကပြောသည်။

အဆိုပါ အလုပ်ပိုဆင်းပေးကြရန် အကြောင်းကြားစာထွက်လာချိန်တွင် အလုပ်ရှင်အလုပ်သမား နှစ်ဦးနှစ်ဖက်အဆင်ပြေရန် သူနာပြုဝန်ထမ်းများအနေဖြင့် သက်ဆိုင်တာဝန်ရှိသူများထံ ညှိနှိုင်းဆွေးနွေးစာများတင်ပြခဲ့သော်လည်း ယခုအချိန်ထိ အကြောင်း ပြန်ကြားမှု မရရှိသည့်အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု အကြီးတန်းသူနာပြု တစ်ဦးက ဆိုသည်။

သူတို့ဘက်က အလျော့မပေးချင်တဲ့ သဘောရှိမယ်ထင်တယ်၊ ဒါကြောင့်မို့လဲ တင်ပြတာကို အကြောင်းမပြန်တာပေါ့၊ ညှိနိုင်းပေးရမယ့်အစား ဝန်ထမ်းအသစ်တောင် ထပ်ခေါ်နေတယ်လို့ ကြားတယ်၊ ပုဂ္ဂလိက ဆေးရုံဆိုတော့ ကြိုက်ရင်လုပ် မကြိုက်ရင်ထွက် ကျေနပ်ရင်လုပ် မကျေပ်နပ်ရင် မလုပ်နဲ့ ဆိုတဲ့ သဘောဆောင်နေတာလို့ မြင်တယ်”ဟု ၎င်းက ပြောသည်။

သူနာပြုဝန်ထမ်းများ၏ တောင်းဆိုချက်များအား ညှိနိုင်းလိုက်လျှောပေးခြင်းမရှိပါက အလုပ်ပြန်ဝင် ကြမည်မဟုတ်ဟု အလုပ်မဆင်းသည့် သူနာပြု ဝန်ထမ်း အများစုက ပြောဆိုနေကြသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။