Trending Now

၂၀၃၀ မှာ AIDS ကိုအဆုံးသတ်မယ်လို့ ကုလသမဂ္ဂက ပြော

Spread the love

၂၀၃၀ မှာ AIDS ကိုအဆုံးသတ်မယ်လို့ ကုလသမဂ္ဂက ပြော

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၄

စိန်ခေါ်မှုများစွာရှိနေပေမယ့် အေ့ဒ်စ်ရောဂါကို အဆုံးသတ်ဖို့ လမ်းကြောင်းရှိနေကြာင်း ကမ္ဘာ့အဖွဲ့အစည်းက ဇူလိုင်လ ၁၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတွေအနေနဲ့ တားဆီးကာကွယ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ ခွဲခြားဆက်ဆံမှုမရှိတဲ့ ဥပဒေတွေကို ချမှတ်နိုင်မယ်ဆိုမှသာ အောင်မြင်နိုင်မယ်လို့ ဆိုပါတယ်။

“လူတွေကို ပထမဦးစားပေးပြီး HIV ကာကွယ်ရေးနဲ့ ကုသရေးအစီအစဉ် တွေမှာ ရင်းနှီးမြှုပ်နှံဖို့ ခိုင်မာတဲ့ နိုင်ငံရေး ကတိကဝတ်တွေကိုရှိမယ်ဆိုရင် ကျွန်တော်တို့မှာ အဖြေတစ်ခုရှိပါတယ် ” လို့ UNAIDS အေဂျင်စီရဲ့ အစီရင်ခံစာက ဖော်ထားပါတယ်။

ခွဲခြားဆက်ဆံမှုမရှိတဲ့ ဥပဒေကို ကျင့်သုံးခြင်းက ကွန်ရက်တွေကို အားကောင်းစေပြီး HIV ရောဂါပိုးကာကွယ်ရာမှာ ထိရောက်တဲ့ တုံ့ပြန်မှုတစ်ခုဖြစ်ကြောင်း အစီရင်ခံစာက ထည့်သွင်းဖော်ပြထားပါတယ်။

လက်ရှိအချိန်ဟာ အေ့ဒ်စ်ရောဂါကို အဆုံးသတ်ဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပြီး ယနေ့ခေတ်ခေါင်းဆောင်တွေကို “ကမ္ဘာ့အဆိုးရွားဆုံးကပ်ရောဂါကို ရပ်တန့်စေသောသူများအဖြစ် အမှတ်ရစေမယ့် အခွင့်အလမ်း တစ်ခုဖြစ်ပါတယ်” လို့ UNAIDS အမှုဆောင် ဒါရိုက်တာ ဘယာနီမကပြောပါတယ်။

ဒီအစီအစဉ်ကြောင့် အာဖရိကနိုင်ငံတွေမှာ ၂၀၁၀ ခုနှစ်ကတည်းက ရောဂါကူးစက်မှုနှုန်း ၅၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း အာဖရိကအရှေ့ပိုင်းနဲ့ တောင်ပိုင်းကို ကိုးကားပြီး အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

ဘော့ဆွာနာ၊ အက်စဝါတီနီ၊ ရဝမ်ဒါ၊ တန်ဇန်းနီးယားနဲ့ ဇင်ဘာဘွေ နိုင်ငံတွေမှာ ၉၅ အထိရည်မှန်းချက် အောင်မြင်နေတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက HIV ပိုးရှိနေသူတွေဟာ သူတို့ရဲ့အခြေနေကို သိနေတဲ့အတွက် ဆေးဝါးကုသမှုခံယူနေပြီး ကုသမှုခံယူနေသူ ၉၅ ရာခိုင်နှုန်းက ဗိုင်းရပ်စ်ပိုးကို နှိမ်နင်းထားနိုင်တယ်လို့ ဆိုပါတယ်။

ဒိန်းမတ်၊ ကူဝိတ်နဲ့ ထိုင်းနိုင်ငံတို့ အပါအဝင် အခြားနိုင်ငံ ၁၆ နိုင်ငံမှာလည်း ရည်မှန်းချက်ပြည့်မီရန်နီးကပ်နေပြီဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးမှာ HIV ပိုးရှိနေသူ ၃၉ သန်းရှိပြီး ယင်းအနက် ၂၉.၈ သန်းဟာ ကုသမှုခံယူနေကြတယ်လို့ UNAIDS ကပြောကြားခဲ့ပါတယ်။

Ref; DW

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။