Trending Now

ရှေ့ဟောင်း ဆင်းတုတော် များ တွေ့ရှိခဲ့သည့် ပူတာအိုခရိုင် မချမ်းဘော မြို့နယ် ရှိ နွိုင်ဖလား ရွှေဥဒေါင်းစေတီတော်ပရဝုဏ်ကို ရှေးဟောင်း အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်သွားမည်

Spread the love

ရှေ့ဟောင်း ဆင်းတုတော် များ တွေ့ရှိခဲ့သည့် ပူတာအိုခရိုင် မချမ်းဘော မြို့နယ် ရှိ နွိုင်ဖလား ရွှေဥဒေါင်းစေတီတော်ပရဝုဏ်ကို ရှေးဟောင်း အမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်သွားမည်

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၁

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ခန့်က ရှေ့ဟောင်း ဆင်းတုတော် ၁၄၇ ဆူ တွေ့ရှိခဲ့သည့် ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ထရန်ဒမ်းကျေးရွာအုပ်စု၊ ခန်ကျိုကျေးရွာရှိ နွိုင်ဖလား ရွှေဥဒေါင်းစေတီတော်ပရဝုဏ်အား ရှေးဟောင်း အမွေအနှစ်များ တည်ရှိရာ နယ်မြေအဖြစ် သတ်မှတ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ရှေ့ဟောင်း ဘူမိဖဿမုဒြာ ဆင်းတုတော် အကောင်း ၁၄၇ ဆူကို ရွှေဥဒေါင်း စေတီတော်ဝန်းအတွင်း ပြီးခဲ့သည့် နှစ် မေလအတွင်းက ပဌာန်းပွဲကျင်းပရန်အတွက် တိုင်စိုက်ထူရန် တူးဖော်နေစဉ် အနက် ၂ ပေကျော်ခန့်တွင် ဆင်းတုတော်တစ်ဆူကို တွေ့ရှိခဲ့ပြီးနောက် ထပ်မံတူးဖော်ရာမှ ဆင်းတုတော်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့သို့ တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာ ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သာသနာရေးဦးစီးဌာနတို့ကို ဆက်သွယ်အကြောင်းကြားခဲ့ပြီးနောက် ရှေ့ဟောင်းသုတေသနဦးစီးဌာနမှ လာရောက်စစ်ဆေးပြီး ယခုကဲ့သို့ ရှေ့ဟောင်းအမွေအနှစ်များတည်ရှိရာ နယ်မြေအဖြစ် သတ်မှတ်နိုင်ရန် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီမှာက ခမ်တီရှမ်း၊ ကချင်၊ ရဝမ်၊ လီဆူ လူမျိုးတွေ စုပေါင်းနေထိုင်ကြတာဖြစ်တယ် ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာတွေကို ယခုလို အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခဲ့ကြတာကလည်း ဟိုအရင်ကတည်းက ဖြစ်တယ် လက်ရှိမှာတော့ ရှေ့ဟောင်းအမွေအနှစ်တွေ့ရှိရာနေရာအဖြစ် သတ်မှတ်နိုင်ဖို့အတွက် အကုန်လုံးကလည်း သဘောတူတဲ့ အဆိုပြုချက်လည်း ရရှိပြီးဖြစ်တဲ့အတွက် ရှေ့ဟောင်းအမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ပြီးရင် သက်ဆိုင်ရာ ဌာနနဲ့အတူ ဌာနေတိုင်းရင်းသား အားလုံးက ဒါတွေကို ဝိုင်းဝန်း ထိန်းသိမ်းဖို့ လိုအပ်တယ်”ဟု လူမျိုးဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ရှေ့ဟောင်းဆင်းတုတော်များမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်က ရှေ့ဟောင်း ဆင်းတုတော်များ ဖြစ်နိုင်ကြောင်း ရှေ့ဟောင်းသုတေသနဦးစီးဌာနမှ ယူဆထားပြီး လက်ရှိတွင် ခန်ကျိုဘုန်းကြီးကျောင်းတွင် အပူဇော်ခံထားရှိထားကြောင်း သိရသည်။

လက်ရှိတွင် ရှေ့ဟောင်းဆင်းတုတော်များ တွေ့ရှိခဲ့သည့် ရွှေဥဒေါင်း ဘုရား ပရဝုဏ် အတွင်း ပေ ၁၂၀ ခန့်ကို ရှေ့ဟောင်း အမွေအနှစ်များ တည်ရှိရာ နယ်မြေအဖြစ် သတ်မှတ်နိုင်ရေးအတွက် ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ စစ်ဆေးတွေ့ရှိချက်များကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။