Trending Now

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်မထောက်ပံ့ဖို့ မြောက်ကိုရီးယားကို အမေရိကန်သတိပေး

Spread the love

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်မထောက်ပံ့ဖို့ မြောက်ကိုရီးယားကို အမေရိကန်သတိပေး

EPN

နိုင်ငံတကာ၊ စက်တင်ဘာ ၆

ယူကရိန်းစစ်ပွဲအတွက် ရုရှားကို လက်နက်မထောက်ပံ့ဖို့ မြောက်ကိုရီးယားကို အမေရိကန်က အင်္ဂါနေ့က သတိပေးထားပြီး ခေါင်းဆောင်အဆင့် စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်။

ဆောင်ရာသီမတိုင်မီ ယူကရိန်းအခြေခံအဆောက်အုံတွေ ဖျက်ဆီးဖို့နဲ့ နောက်ထပ်နယ်မြေ သိမ်းပိုက်ဖို့ ကြိုးပမ်းနေတဲ့ ရုရှားကို လက်နက်ထောက်ပံ့ခြင်းဟာ ” မြောက်ကိုရီးယားအတွက် ကောင်းတဲ့ ရလဒ်တွေဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး” လို့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး ဆူလီဗန်က ပြောပါတယ်။

“ပြီးတော့ ဒီ့အတွက် ပေးဆပ်ရမယ့် တန်ကြေးတွေ နိုင်ငံတကာအသိုင်းအဝိုင်းမှာရှိပါတယ်” သူက ဆက်ပြောပါတယ်။

“မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းအနေနဲ့ ခေါင်းဆောင်အဆင့် ဆွေးနွေးပွဲတွေအပါအဝင် ဒီဆွေးနွေးပွဲတွေ ဆက်သွားနေဦးမယ်လို့ မျှော်လင့်ထားတယ်” လို့ ဆူလီဗန်က ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရှိုင်းဂု မြောက်ကိုရီးယားကို ဇူလိုင်လက ရောက်ရှိပြီးကတည်းက စစ်ရေးအကူအညီပေးဖို့ သဘောတူညီချက်ကို မော်စကိုက အရှိန်မြင့်ခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေးက ပြီးခဲ့တဲ့ သီတင်းပတ်က စွပ်စွဲခဲ့ပါတယ်။

ဆာဂေး ရှိုင်းဂု ဟာ ကိုရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့ပြီး ခရီးစဉ်အတွင်း ပူတင်းထံက သီးသန့် စာတစ်စောင်ကို မြောက်ကိုရီးယားခေါင်းဆောင်ထံပေးအပ်ခဲ့ပါတယ်။

ကင်ဂျုံအန်းဟာ လာမယ့်သီးတင်းပတ်အတွင်း ရုရှားနိုင်ငံ ဗလာဒီဗိုစတော့မြို့ကို သွားရောက်ဖို့ စီစဉ်ထားပြီး အရှေ့စီးပွားရေးဖိုရမ်ရဲ့ ဘေးစည်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ New York Times သတင်းစာက တနင်္လာနေ့က ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရုရှားနိုင်ငံအရှေ့ပိုင်းမြို့မှာ နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီယား လုံခြုံရေးအရာရှိတွေ ဩဂုတ်လနှောင်းပိုင်းက ဗလာဒီဗိုစတော့မြို့ကို လာရောက်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက်ကနေ ၁၃ ရက်အထိ ကျင်းပတဲ့ နှစ်ပတ်လည်ပွဲမတိုင်မီ ရုရှားတာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့တယ်လို့ ရုရှားအာဏာပိုင်သတင်းရင်းမြစ်တစ်ခုက အင်္ဂါနေ့က ဝန်ခံခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင် တက်ရောက်ဖွယ်ရှိနေတဲ့ အရှေ့စီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ ရုရှားရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပတ်စ်ကော့ဗ်က အင်္ဂါနေ့က ပြောပါတယ်။

ကင်ဂျုံအန်းဟာ ရုရှားနိုင်ငံကို လက်နက်ထောက်ပံ့ဖို့ ဆုံးဖြတ်နိုင်တဲ့ တစ်ဦးတည်းသောသူအဖြစ် အမေရိကန်က မှတ်ချက်ပြုခဲ့ပြီး မြောက်ကိုရီယားကို ဒီအဆင့်အထိမသွားဖို့ တားဆီးမယ့်အခွင့်အလမ်းတွေကို ဆက်လက်ရှာဖွေသွားမယ်လို့ ဆူလီဗန်က ပြောပါတယ်။

“ယူကရိန်းနိုင်ငံသားတွေကို သတ်ပစ်မယ့် ရုရှားကို လက်နက်မထောက်ပံ့ဖို့ လူထုကတိကဝတ်တွေကို လိုက်နာဖို့ ပြုံယမ်းကို အမေရိကန်က ဆက်ပြီး တောင်းဆိုသွားမှာပါ” လို့ ဆူလီဗန်က ပြောကြားခဲ့ပါတယ်။

Ref; kyodonews

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။