Trending Now

ရာဇဝင်တွင်မည့် သူလိုလူ၊ သမိုင်းမော်ကွန်း ရေးထိုးနိုင်ခဲ့သူ

Spread the love

ရာဇဝင်တွင်မည့် သူလိုလူ၊ သမိုင်းမော်ကွန်း ရေးထိုးနိုင်ခဲ့သူ

EPN
ဆောင်းပါး၊ ဧပြီ ၂၀
ကောင်းဇေ – ရေးသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သော နိုင်ငံအဖြစ်သို့ ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်လေ့ရှိသည်။

ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။

သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲ ကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။ ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။ အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာ အရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။ သိပ္ပံကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက် သည့်အတွက် ချီးမြှင့်သည်။ ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်း အတွက် ချီးမြှင့်ခြင်း ဖြစ်သည်။

ယခု ၂၀၂၂ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီး (၇၅)နှစ်တာကာလအတွင်း နိုင်ငံတော်နှင့် နိုင်ငံသားများ ကောင်းကျိုးကို ထူးချွန်ပြောင်မြောက်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဘွဲများ ပေးအပ်ချီးမြှင့်ရာတွင် အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ပေးအပ်သော ဘွဲ့ဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းသည် ချီးမြှင့်ခံခဲ့ရသည်။

ကချင်ပြည်နယ် အထူးဒေသ (၁) ဆိုသည်နှင့် ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သည့် ဦးဇခုန်တိန့်ယိန်းကို ကချင်ပြည်နယ် အထူးဒေသ (၁) အတွင်း နေထိုင်သူအားလုံး မသိသူမရှိ ဟု ဆိုရမည် ဖြစ်သည်။ ကချင်ပြည်နယ် အထူးဒေသ (၁) ကို တည်ထောင်ခဲ့သူ ဖြစ်သည့် အလျောက် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး စသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို နေ့မအား ညမအား စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

ထိုကဲ့သို့သော ကြိုးစားအားထုတ်မှုများကြောင့် ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းသည် အများပြည်သူတို့၏ ကောင်းရာ ကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ပေးအပ်သော ဘွဲ့ဖြစ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ ထိုက်တန်စွာ ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ပေသည်။

သမိုင်းဆိုသည်မှာ မိမိကိုယ်တိုင် ထုဆစ်ရခြင်းဖြစ်သည်။ မိမိဆောင်ရွက်ချက်၊ မိမိလုပ်ဆောင်ချက် မှန်သမျှကို တစ်ချိန်တွင် သမိုင်းက စကားပြောပေလိမ့်မည်။ ယခုလည်း ထိုသို့ပင် ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းသည် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခံခဲ့ရသည့် အတွက် သမိုင်းမော်ကွန်းတစ်ခုကို အောင်မြင်စွာ ရေးထိုးနိုင်ခဲ့ပြီဟု ပြော၍လည်း ရပေသည်။

ဒီမိုကရက်တစ်တပ်မတော် (ကချင်) New Democratic Army (Kachin) NDA-K အဖွဲ့၏ ဖခင်ဖြစ်သည့် ကချင်ပြည်နယ်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဦးဇခုန်တိန့်ယိန်း သည် ကချင်တောင်တန်းဒူဝါများ ကျွန်လွတ်မြောက်ရေး ဂျပန်ခံစစ် စစ်မှုထမ်းကြီး ဦးဇခုန်ခေါချန်းတိန့် (ဗြိတိသျှ အရှေ့ဖျားတော်ဝင် တပ်မတော် စစ်သားဟောင်း) နှင့် တောင်သူ လယ်ယာ ကုန်သည်မျိုးရိုဖြစ်သည့် ဒေါ်လနမ်ကျန်းခေါနမ်တို့မှ မွေးဖွားခဲ့ပြီး ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါမြို့၊ ထန်းဒုံရွာကလေး သည် သူ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည်။

၁၉၄၇ ခုနှစ်တွင် ထန်းဒုံ မူလတန်းကျောင်းတွင် ပညာသင်ကြားသည်။ ၁၉၄၅ ခုနှစ်တွင် မြစ်ကြီးနားမြို့ (KBHS) ကျောင်းတွင် ပညာသင်ကြားသည်။ ၁၉၅၅ ခုနှစ်တွင် လွိုင်ကော်တွင် ပညာ သင်ကြားသည်။ ၁၉၅၈ ခုနှစ်တွင် ပြင်ဦးလွင်ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် မြစ်ကြီးနားမြို့ (KBHS) ကျောင်းတွင် ပညာသင်ကြားပြီး ၁၉၆၀ ခုနှစ်တွင် ဒသမတန်း အောင်မြင်ခဲ့သည်။ ၁၉၆၀ – ၁၉၆၂ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ် အင်ဂျင်နီယာကောလိပ်တွင် တက်ရောက် ပညာသင်ကြား ခဲ့သည်။

ဦးဇခုန်တိန့်ယိန်းသည် မြစ်ကြီးနား ပလနရွာလေးတွင် ကျောင်းဆရာ တစ်ဦး ဖြစ်ဖူးခဲ့ပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၌လည်း ၁၉၆၃ ခုနှစ် အောက်တိုဘာလမှ ၁၉၆၇ ခုနှစ်အထိ တပ်မှူးတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

တပ်မတော်အစိုးရ၊ အခြားလက်နက်ကိုင် အဖွဲ့အစည်းများဖြင့်ပါ တိုက်ပွဲဆင်နွှဲခဲ့ဖူးသူဖြစ်သည်။ KIA လက်နက်ကိုင်အဖွဲ့အတွင်း ငွေကြေး၊ လက်နက်၊ လူအင်အား စုဆောင်းပေးခဲ့သည့်အပြင် ကျရာတာဝန် များကိုလည်း ကျေပွန်စွာထမ်းဆောင်ခဲ့သူဖြစ်သည်။ KIA အဖွဲ့၏ သီးခြားဝမ်ပေါင် တည်ထောင်ရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ကြိုးပမ်းလာမှုများကြောင့် တိုင်းရင်းသားညီအစ်ကိုများ သတ်ဖြတ်ကြသည် အထိ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ တိုင်းရင်းသားညီအစ်ကိုများကို အကြောင်းမဲ့ သတ်ဖြတ်နေခြင်း၊ တရားမျှတမှုမရှိ ပြုလုပ်လာသည့်အတွက် KIA အဖွဲ့မှ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သော အဖွဲ့မှ ခွဲထွက်လာခဲ့ခြင်းဖြစ်သည်ဟု လေ့လာ သိရသည်။

၁၉၆၈ ခုနှစ်တွင် KIA အဖွဲ့မှခွဲထွက်ပြီးနောက်ပိုင်း ကချင်ကွန်မြူနစ်ပါတီ ထူထောင်ရန် တရုတ်နိုင်ငံ ကူရုံဒေသသို့ ၎င်း၏ တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ခဲ့သည်။ တရုတ်အစိုးရက ဗမာကွန်မြူနစ်ပါတီ (ဗကပ) နှင့် ပူးပေါင်းရန်တိုက်တွန်းခဲ့သည့်အတွက် ဗကပ တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုအချိန်မှစ၍ ဦးဇခုန်တိန့်ယိန်းသည် တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုင်တည်၊ ပန်ဝါဒေသကို ဗကပ ၁၀၁ စစ်ဒေသအဖြစ် ခြေကုပ်ယူကာ မြန်မာ့တပ်မတော် အစိုးရကို တော်လှန်တိုက်ခိုက်ခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဗကပ ပြိုကွဲပြီးနောက် ၁၉၉၀ပြည့်နှစ်၌ တပ်မတော်အစိုးရနှင့် ငြိမ်းချမ်းရေးယူကာ ဗကပ ၁၀၁ စစ်ဒေသကို ကချင်ပြည်နယ် အထူးဒေသ (၁) အဖြစ်သတ်မှတ်ကြေညာခဲ့သည်။

ထို့နောက် ဦးဇခုန်တိန့်ယိန်းသည် ဒီမိုကရက်တစ်တပ်မတော် (ကချင်) New Democratic Army (Kachin) NDA-K အမည်ဖြင့် အထူးဒေသ (၁) တွင် လှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြင့် ရပ်တည်ခဲ့သည်။

တပ်မတော်အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေး အစီအစဉ်ကို ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၁၀ရက်နေ့တွင် စတင်ဖော်ဆောင်ခဲ့ရာတွင် ဦးဇခုန်တိန့်ယိန်းက (NDA-K) ကို နယ်ခြားစောင့်တပ်ရင်း (၃)ခု အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်နိုင်လာခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်ပြည်နယ် အထူးဒေသ (၁)သည် လော်ဝေါ်၊ လာချိဒ်၊ ဇိုင်ဝါး၊ လီဆူ၊ ရဝမ် စသည့်မျိုးနွယ်စုများ အခြေချနေထိုင်သည့် ဒေသတစ်ခုလည်း ဖြစ်ပေသည်။ ဦးဇခုန်တိန့်ယိန်း သည် ကချင်ပြည်နယ်အထူးဒေသ(၁) အတွင်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေး ကဏ္ဍများတွင်လည်း တိုးတက်ဖွံ့ဖြိုးလာစေရန် ပုံဖော်ပေးခဲ့သည်။ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်လည်း ကြိုးပမ်းလုပ်ဆောင်ပေးခဲ့သည်။ ဒေသခံ တိုင်းရင်းသား လူမျိုးများနှင့်လည်း တွေ့ဆုံ၍ လိုအပ်သည်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

၂၀၁၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် စသည့် သုံးမြို့နယ်အတွက် အမျိုးသားလွှတ်တော် အမတ်နေရာအား တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ ပထမကြိမ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်လာခဲ့ပေသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒီမိုကရေစီပါတီသစ်(ကချင်)၊ New Democracy Party (KACHIN) NDP-K ပါတီသည်လည်း ဦးဇခုန်တိန့်ယိန်းမှ နာယက အဖြစ်တာဝန်ယူထားသည့် နိုင်ငံရေးပါတီ တစ်ခု ဖြစ်ပေသည်။

ကျောင်းသားဘဝမှသည် ကျောင်းဆရာဘဝ၊ လက်နက်ကိုင်ဘဝ၊ မျိုးနွယ်စုခေါင်းဆောင်းဘဝ၊ ကချင်အထူးဒေသ (၁)၏ ခေါင်းဆောင်ဘဝ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဘဝ၊ နိုင်ငံရေးပါတီ နာယက ဘ၀ စသည့် ဘဝပေါင်းအလီလီ ဖြတ်သန်းရင်း ငြိမ်းချမ်းရေးကို ရှေးရှုကာ ဒေသတွင်း ပြည်သူများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။

ဦးဇခုန်တိန့်ယိန်း ဖြတ်သန်းခဲ့ရသည့် ကာလတစ်လျောက်ကို ကြည့်ပါကလည်း ကချင်ပြည်နယ် အထူးဒေသ (၁) ကို အောင်မြင်စွာ ထူထောင်နိုင်ရန် အသက်၊ သွေး၊ ချွေးတို့ကို ပေးဆပ်ကာ ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ နေထိုင်နိုင်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် နည်းမျိုးစုံ ကြိုးစားခဲ့သည်ကို တွေ့မြင်နိုင်ပေသည်။ ယခု အသက်အရွယ် ကြီးမြင့်လာသော်လည်း အနားမယူအား။ အချိန်ရှိတိုင်း ဒေသ ဖွံ့ဖြိုးရေးအတွက် ကြိုးစားပုံဖော်နေသူ တစ်ဦးလည်းဖြစ်ပေသည်။ ဥက္ကဌကြီးသည် ဒေသဖွံ့ဖြိုးရေးသာမက တိုင်းရင်းသားလူမျိုး တို့၏ ရိုးရာနှင့် စာပေအပေါ်ကို ချစ်မြတ်နိုးမှုကို လည်းတွေ့မြင်နိုင်ပေသည်။

ကချင်ပြည်နယ်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း၏ အသက် (၈၃) ပြည့်မွေးနေ့မှာလည်း မကြာခင် ကျရောက်တော့မည်ဖြစ်သည်။ ဥက္ကဋ္ဌကြီး၏ ဒေသအပေါ် ချစ်ခင်မှု၊ ကြိုးစားအားထုတ်မှု ရလဒ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယခုကဲ့သို့ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းမှာလည်း မွေးနေ့လက်ဆောင်မွန် အဖြစ် ရှု့မြင်ပါသည်။

ယခုကဲ့သို့ တိုင်းရင်သားလူမျိုးများအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ယခုထက်ပိုမို ဆထက်ထမ်းပိုး ဆောင်ရွက် နိုင်ပါစေကြောင်း၊ ကျန်းမာပျော်ရွှင်စွာဖြင့် မိသားစုနှင့်အတူ အသက်ရာကျော် ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းဆုပြုရင်း ယခုဆောင်းပါးဖြင့် ဂုဏ်ပြုကြိုဆိုလိုက်ရပါသည်။

ကောင်းဇေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။