Trending Now

မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များ ကြိုတင်သတိပြုနိုင်ရန် မိုးဇလ သတိပေး

Spread the love

မတ်လနှင့် ဧပြီလများအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များ ကြိုတင်သတိပြုနိုင်ရန် မိုးဇလ သတိပေး

EPN
မြစ်ကြီးနား ၊ မတ် ၃

မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍လေပြင်းတိုက်ခတ်နိုင်သည့်အတွက် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထုတ်ပြန်ထားသည်။

အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မတ်လ ပထမ ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်များအရ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မတ်လပျမ်းမျှ အပူချိန်ခန့်သာရှိနိုင်ကြောင်း သိရသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော လာနီညာအခြေအနေသို့ ရောက်ရှိနေပြီး နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ မတ်လအတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၂ ခုနှစ် မတ်လအတွင်း ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း အသိပေးထုတ်ပြန်ထားသည်။

အဆိုပါလာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုများမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။