Trending Now

ပူတာအိုမြို့နယ်၊နမ်ရှယ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်

Spread the love

ပူတာအိုမြို့နယ်၊နမ်ရှယ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဒုတိယအကြိမ် ထပ်မံဖွင့်လှစ်

EPN
ပူတာအို ၊ မေ ၄

ကချင်ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ပူတာအိုမြို့နယ်၊နမ်ရှယ်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအား ဒုတိယ အကြိမ် ဖြင့် မေလ၂ ရက်နေ့မှ ၆ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးနေကြောင်းသိရသည်။

ပူတာအို ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုကာလတို လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဘာသာရပ် ၉မျိုးဖြင့်အခမဲ့သင်ကြားပေးနေကြောင်း ခရိုင်စက်မှုလက်မှုအသေးစားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“မေ(၂)ရက် က ပူတာအိုမြို့နယ်၊ပမ္မတီးကျေးရွာအုပ်စု၊နမ်ရှယ်ကျေးရွာ ဟေဗြုန်အေဂျီအသင်းတော်ဘုရားကျောင်းမှာ ဒုတိယအကြိမ်နဲ့ လူသုံးကုန် ပစ္စည်းများဖြစ်တဲ့ လက်ဆေးဆပ်ပြာ၊ခေါင်းလျှော်ရည်၊ပန်ကန်ဆေးဆပ်ပြာ၊အဝတ်လျှော်ဆပ်ပြာ၊Coffee Scrub၊ရေချိုးဆပ်ပြာ၊မျက်နှာသစ်ဆပ်ပြာ၊Hand Gel ၊ ဆပ်ပြာခရင်မ်နဲ့ ဘက်စုံသုံးဆပ်ပြာထုတ်လုပ်နည်း (၉)မျိုးတို့ကို အခမဲ့သင်ကြားပေးနေပါတယ် “ဟု ၎င်းကပြောသည်။

လက်ရှိ အစိုးရအနေဖြင့် ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာ ယခုလို တစ်ပိုင်တစ်နိုင်လူသုံးကုန်သင်တန်းနှင့် စက်မှုလက်မှုနည်းပညာများဆက်လက်သင်ကြားပေးစေလိုကြောင်း ပူတာအိုဒေသခံတစ်ဦးကပြောသည်။

“အရင်လတုန်းကလည်း စက်မှုအသေးစားပြင်နည်းတွေ သင်ကြားပေးတယ် အရမ်းကောင်းပါတယ် ဒီဒေသက ဝေးလံခေါင်ဖျားတော့ မလွယ်ကူဘူး အခုလို လာရောက်သင်ကြားပေးတာအားပေးတယ် နောက်ကိုလည်းဆက်လက်သင်ကြားပေးစေခြင်တယ်”ဟု ၎င်းကပြောသည်။

ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စာတွေ့၃၀ရာခိုင်နှုန်းနှင့်လက်တွေ့ ၇၀ရာခိုင်နှုန်းဖြင့် မေလ(၂)ရက်မှ(၆)ရက်နေ့အထိ ရက်သတ္တပတ်တစ်ပတ်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူစုစုပေါင်း(၂၅)ဦးတို့အား အတတ်သင်ကြားပို့ချပေးသွားမည်ဖြစ်‌ကြောင်းသိရသည်။

ပူတာအိုမြို့နယ်အတွင်းက ဇီယာဒမ်းကျေးရွာနှင့် ခေါင်လန်ဖူးမြို့နယ်၊ နောင်မွန်မြို့နယ်၊ မချမ်းဘော့မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် များတွင်လည်း အဆိုပါသင်တန်းများကို ဆက်တိုက်အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ခရိုင်စက်မှုလက်မှုအသေးစားဦးစီးဌာနမှ သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။