Trending Now

ဖားကန့်မြို့အဝင် ဆိုင်းဘုတ်အနီးတွင် ကျောက်စိမ်းအရိုင်းတုံး ထားရှိမည်

Spread the love

ဖားကန့်မြို့အဝင် ဆိုင်းဘုတ်အနီးတွင် ကျောက်စိမ်းအရိုင်းတုံး ထားရှိမည်

EPN
ဖားကန့်၊ ဇွန် ၁၈

ဖားကန့်ကျောက်စိမ်းတွင်းဒေသ၊ ဖားကန့်မြို့တွင် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် ဖားကန့်မြို့အဝင် ဆိုင်းဘုတ် အနီးတွင် ကျောက်စိမ်းရိုင်းအတုံးအား ထားရှိရန် စီစဉ် ဆောင်ရွက် နေကြောင်း သိရသည်။

အဆိုပါ ကျောက်စိမ်းအရိုင်းတုံးသည် အလေးချိန် (၁)တန်ကျော်ခန့်ရှိပြီး၊ ယခုအခါ အဆိုပါကျောက်စိမ်းအရိုင်းတုံးထားရှိရန်အတွက် ကလပ်ခုံအား စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“ကျောက်စိမ်းအရိုင်းတုံး ထားရှိဖို့အတွက် စတင်ဆောင်ရွက်နေပါပြီ၊ ကျောက်စိမ်းအစစ်ကို ထားရှိမှာပါ”ဟု မြို့နယ်စည်ပင်အလုပ်အမှုဆောင် အရာရှိ ဦးကျော်လင်းက ဆိုသည်။

အဆိုပါ ကျောက်စိမ်းအရိုင်းတုံးအား ဆန်ခါကျေးရွာမှ ဦးသိန်းဌေး မှ လှူဒါန်းထားသည်ဟု သိရပြီး၊ကျောက်စိမ်းအရိုင်းတုံး တင်မည့် ကလပ်ခုံ၏ ကုန်ကျစရိတ်များအား စည်ပင်ကော်မတီ အဖွဲ့ဝင်များနှင့် အများပြည်သူ ထည့်ဝင်ငွေဖြင့် မတည်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ကျောက်စိမ်းအရိုင်းတုံးတင်မည့် ကလပ်ခုံမှာ အလေးချိန် (၅)တန်ခန့် တင်ဆောင်ထားရှိနိုင်မည်ဖြစ်ပြီး၊ တည်ဆောက်မည့် အချိန်ကာလ (၁)လခန့်ကြာမြင့်မည် ဖြစ်ပြီး၊ ကျောက်စိမ်းအရိုင်းတုံးအား ထိခိုက်ပျောက်ရှမှု မရှိစေရန်အတွက် လုံခြုံရေးအစီအမံများလည်း စီမံဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါနေရာတွင် ယခင်က ကျောက်မျိုးမမှန်သည့် ကျောက်ကြီးအား သင်္ဘောဆေးအစိမ်းရောင်သုတ် ၍ ထားရှိခဲ့သဖြင့် အများပြည်သူ ဝေဖန်မှုများ ရှိလာသည့်အတွက် ယခုခဲ့သို့ကျောက်စိမ်းရိုင်း အစစ်အား ပြောင်းလဲထားရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်ဒေသတွင် ဖွံ့ဖြိုးရေးများဆောင်ရွက်ရန်အတွက် မြို့တော်ခန်းမ များလည်း တည်ဆောက်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်လည်း ကချင်ပြည်နယ် လွှတ်တော်ရုံး၊ မြစ်ကြီးနားလေဆိပ်၊ အ.ထ.က(၁)ကျောင်းထောင့် မီးပွိုင့်လမ်းစုံ စသည့်နေရာများတွင် ကျောက်စိမ်းအရိုင်းတုံးများ အား လှပတင့်တယ်စွာ ပြသထားသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။