Trending Now

ပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများနှင့် ဘာသာရေး အဖွဲ့အစည်းများအား ထောက်ပံ့ငွေနှင့် အခြေခံ စားသောက်ကုန်များပေးအပ်

Spread the love

ပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ အစိုးရဝန်ထမ်းများနှင့် ဘာသာရေး အဖွဲ့အစည်းများအား ထောက်ပံ့ငွေနှင့် အခြေခံ စားသောက်ကုန်များပေးအပ်

EPN
မြစ်ကြီးနား၊ မတ် ၁၄ (၂၀၂၄)

ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ အစိုးရဝန်ထမ်း ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဘာသာရေး အသင်းအဖွဲ့များကို နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစား သောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို မတ်လ (၁၂) ရက်နေ့ နံနက် ၉ နာရီ အချိန်က မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန် ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ ဝန်ထမ်းများ အနေဖြင့် နိုင်ငံ့တာဝန်များ ကျေပွန်စွာထမ်းဆောင်ရာတွင် အခက်အခဲ၊ စိန်ခေါ်မှုများကို ဖြတ်ကျော်ခဲ့ရသည့်အတွက် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဝန်ထမ်းများ၏ ကြိုးစားဆောင်ရွက်မှုကို အသိ အမှတ်ပြု ကျေးဇူးတင်သည့် အနေဖြင့် ဝန်ထမ်းမိသားစုများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေး အတတ်နိုင်ဆုံး ဖြည့်ဆည်းထောက်ပံ့ပေးခြင်း၊ အားပေးခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းဝန်ထမ်း (၁၁၅) ဦး၊  မြစ်ကြီးနားမူးယစ်ဆေးစွဲ ရောဂါကုဆေးရုံ၊ ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့မှ ဝန်ထမ်း (၃၅) ဦး စုစုပေါင်း ဝန်ထမ်း (၁၅၀) ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၇၅) သိန်းနှင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်အိတ် (၈၉) အိတ်၊ ဆီ (၂၂) ပုံးနှင့် ခရမ်းချဉ်သီး၊ မုန်လာထုပ်များကို ထောက်ပံ့ပေးခဲ့သည်။

အလားတူ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့သွား‌ရောက်ပြီး အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များအပြင် အရေးပေါ်အခြေအနေများတွင် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုသည့်အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကချင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိ၊ အခြားအဆင့်တပ်ဖွဲ့ဝင် စုစုပေါင်း (၅၂၃) ဦးတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၁၀၂) သိန်းနှင့် ဆန်အိတ် (၁၂၀)၊ ဆီ (၃၁) ပုံးနှင့် ခရမ်းချဉ်သီး၊ မုန်လာထုပ်များကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာရေးအ သင်းအဖွဲ့များအတွက် ဆန်၊ ဆီနှင့်အလှူငွေများပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ယူနန်ဘုံကျောင်း၊ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများ၊ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများ၊ ဂေါ်ရခါးဓမ္မချုပ်နှင့် တရုတ်ဗုဒ္ဓဘာသာယဉ်ကျေးမှု စာသင်ကျောင်းတို့အတွက် အလှူငွေကျပ်စုစုပေါင်း (၁၃) သိန်းနှင့် ဆန်အိတ် (၁၂၀) အိတ်၊ ဆီ (၁၂)ပုံး၊ ခရမ်းချဉ်သီး၊ မုန်လာထုပ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။