Trending Now

လုံးခင်းကျေးရွာတွင် ဆိုင်ကယ်မောင်းနှင်လာသည့် ရှမ်းနီလူငယ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

Spread the love

လုံးခင်းကျေးရွာတွင် ဆိုင်ကယ်မောင်းနှင်လာသည့် ရှမ်းနီလူငယ်တစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် နိုဝင်ဘာလ (၂၂)ရက်နေ့ ည (၇)နာရီခွဲခန့်က လုံးခင်းကျေးရွာအနီးတွင် ရှမ်းနီလူငယ်တစ်ဦးအား PDF အဖွဲ့မှ အနီးကပ် သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနီးအနားရှိဒေသခံများထံမှသိရသည်။

အသတ်ခံသည့် ရှမ်းနီအမျိုးသားမှာ အသက် (၃၀)နှစ်အရွယ် ကိုရှိင်းထက်အောင် ဆိုသူဖြစ်ပြီး လုံးခင်းကျေးရွာ ရပ်ကွက် (၁)တွင် နေထိုင်သူဖြစ်ပြီး ဆိုင်ကယ်ဖြင့် အိမ်သို့ ပြန်လာစဥ်အသတ်ခံခဲ့ရခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ယင်းလူငယ်သည် လုံးခင်းကျေးရွာတွင်ပြုလုပ်မည့် ရှမ်းနီရိုးရာ ကောက်သစ်စားပွဲပြုလုပ်မည့်နေရာမှ နေအိမ်ရှိရာ ရပ်ကွက်(၁)သို့ဆိုင်ကယ်ဖြင့်ပြန်လာရာ ၊ လုံးခင်း ရပ်ကွက်(၄)ရှိ ပေါ်ဦးစားသောက်ဆိုင် အနီး ၊ လေထိုးကျွတ်ဖာဆိုင်နားတွင် အနောက်မှ ဆိုင်ကယ်နှစ်စီးဖြင့်လိုက်လာသည့် လူငယ်လေးဦးမှ သေနတ်ဖြင့် ဦးခေါင်းကို ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ အဲ့ကောင်လေးက ၊ မနက်ဖြန်မှာလုပ်မဲ့ ကောက်သစ်ဦးဆွမ်းစားပွဲလုပ်မဲ့နေရာကနေ ဆိုင်ကယ်နဲ့ ပြန်လာတာ ၊ လမ်းမှာပဲ နောက်ကနေလိုက်လာတဲ့ ဆိုင်ကယ်နှစ်စီးလူ (၄)ဦးလောက်က အနီးကပ် သေနတ်နဲ့ ဦးခေါင်းကိုတည်ပစ်သွားတာ၊ အဲ့ဒီကောက်သစ်စားပွဲလုပ်လို့ သတ်တယ်လို့ယူဆရတယ်၊ အလောင်းကိုတော့ ကောက်ယူပြီးပြီ သုသာန်မှာထားထားတယ် ” ဟု ၎င်းကပြောသည်။

ဖားကန့်မြို့နယ်တွင် အလားတူ လုပ်ကြံသတ်ဖြတ်သည့်ဖြစ်စဉ်များ မကြာခဏတွေမြင်နေရပြီး နိုဝင်ဘာလ (၁၉) ရက်နေ့ကလည်း မှော်စီစာကျေးရွာရှိ KTV တစ်ခုတွင် တပ်မတော်မှ အရာရှိတစ်ဦးနှင့် ၎င်း၏အဖွဲ့တို့ရောက်ရှိနေစဉ် လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဝင်ရောက်ပစ်ခတ်ခဲ့ကာ အရာရှိတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။